သတင်း

မလေးရှား၏ ရေယာဉ်များ စေလွှတ်မည့် အစီအစဉ် နိုင်ငံကို စော်ကားခြင်းဟု ပြည်ထဲရေးဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဘဲ မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ထောက်ပံ့ရေး ရေယာဉ်များကို ရခိုင်ဒေသသို့ စေလွှတ်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံကို စော်ကားခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၆) သို့ တက်ရောက်လာသည့် ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက “နိုင်ငံတော် အစိုးရချင်း အတူတူ တိုင်ပင်ရမယ်။ ဒီအတိုင်း ရခိုင်ပြည်နယ်ထဲကို ဝင်သွားလို့ ဘယ်ရမလဲ။ ဒါမျိုးကို လက်ခံနိုင်စရာ အကြောင်း တခုမှ မရှိဘူး။ လာချင်ရင် တရားဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် လာပါမယ်ဆိုပြီး ဗဟိုအစိုးရကို သတင်းပို့ရမယ်လေ။ ဒါကတော့ တို့နိုင်ငံကို စော်ကားတာလို့ ထင်တဲ့အတွက် လက်မခံနိုင်ဘူး။ ဆောရီး” ဟု သတင်းထောက်များကို ပြောသည်။

မလေးရှားနိုင်ငံ အခြေစိုက် The Star အွန်လိုင်း သတင်းဌာနက မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့ အစည်းများ အတိုင်ပင်ခံကောင်စီမှ ထောက်ပံ့ရေး ရေယာဉ်များသည် ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး တန် ၂၀ဝ ဝန်းကျင်ရှိ ဆန်၊ ဆေးဝါး အထောက်အပံ့နှင့် လိုအပ်မည့် ပစ္စည်းများ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံက ရခိုင်ပြည်နယ်သို့ ပစ္စည်းများ ထောက်ပံ့ရန် မြန်မာ အစိုးရထံသို့ တရားဝင် လျှောက်ထားခြင်း ရှိ၊ မရှိကို တိတိကျကျ မပြောနိုင်သေးသော်လည်း အင်ဒိုနီးရှား နိုင်ငံကမူ တရားဝင် လျှောက်ထားလာသဖြင့် ခွင့်ပြုချက် ပေးရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။

“မလေးရှားက ဘယ်ကို လျှောက်လဲဆိုတာ တိတိကျကျ မသိရသေးဘူး။ အင်ဒိုနီးရှားက နိုင်ငံခြားရေးကို တရားဝင် လျှောက်လာတဲ့ အတွက် ခွင့်ပြုဖို့ ရှိတယ်။ အင်ဒိုနီးရှားက မြန်မာအစိုးရကို အပ်မယ်။ အစိုးရက သွားဝေလိုက်မယ်။ မလေးရှားကတော့ သူ့ဘာသာသူ လာမယ်လည်း ပြောတယ်။ လျှောက်ထားတယ်လည်း ပြောနေတယ်” ဟု ဒေါ်အေးအေးစိုးက ပြောသည်။

အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးလှူမည့် လူသားချင်း စာနာထောက်ထားမှု အထောက် အပံ့များကို မည်သည့် အဖွဲ့အစည်းသို့ ပေးအပ်မည်ဟု ကန့်သတ်ထားခြင်း မရှိဘဲ ရခိုင်ပြည်နယ်ရှိ အကူအညီ လိုအပ်နေသူများ အားလုံးကို အကူအညီ ပေးရန် သမ္မတရုံးနှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။

“ပစ္စည်း ဝေမယ်ဆိုရင် ၂ ဖက် အဖွဲ့အစည်းတွေကို မျှမျှတတ ပစ္စည်းတွေ ဝေရတယ်။ မဟုတ်ရင် ပြဿနာတွေ တက်ပြီး ရှင်းရတာ ခက်လို့ပါ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုညွှန်ချုပ် ဒေါ်အေးအေးစိုးက ပြောသည်။

မလေးရှားကမူ ရခိုင်ပြည်နယ်ရှိ ဖိနှိပ်ခံထားရသည့် ဘင်္ဂါလီ (၄င်းတို့အခေါ် ရိုဟင်ဂျာ) များကိုသာ အထောက်အပံ့များ ပေးအပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း The Star အွန်လိုင်း သတင်းဌာနက ဖော်ပြခဲ့သည်။

NLD အစိုးရသစ် လက်ထက်တွင် ရခိုင်ပြည်နယ် ပြဿနာမှာ ပိုမို ကြီးထွားလာခဲ့ပြီး ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် အသိုင်းအဝိုင်းကြား ပြဿနာများကို အဖြေရှာနိုင်ရေး ကြိုးစားနေရဆဲ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading