ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာရှိ ဘင်္ဂါလီမွတ်စလင်များကို ရိုက်နှက်ကန်ကြောက်ခြင်း ပြုလုပ်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။
သမ္မတရုံးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ လုပ်ရပ်တိုင်းမှာ သတိထားဖို့ အတန်တန်မှာတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင်လည်း လုပ်ရမယ်။ နောက် တရားဥပဒေနဲ့အညီ လုပ်ရမယ်ဆိုပြီး ဒီ ၃ ချက် မှာထားတယ်။ တပ်မတော်ပိုင်းရော၊ ရဲဘက်ပိုင်းရော အဆင့်ဆင့် ညွှန်ကြားထားပြီး ဖြစ်တယ်။ ဖြစ်လာရင် တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမယ်လို့ ပြောထားပြီးသားပါ” ဟု မီဒီယာများကို ပြောသည်။
နေပြည်တော်တွင် ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းအပြီး မီဒီယာတချို့နှင့် တွေ့ဆုံစဉ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းက လူမှုကွန်ရက်တခုဖြစ်သည့် ဖေ့စ်ဘုတ်စ်မှစတင်ပြန့်နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တခုတွင် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီမွတ်စလင်များကို ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်းများ ပြုလုပ်ပြီးနောက် ခြေထောက်ဆင်း ထိုင်ခိုင်းကာ ခေါင်းငုံ့နေသည့် အနေအထားများကို ရဲတပ်ဖွဲ့ဝင်တဦးက ဖုန်းဖြင့်ရိုက်ကူးထားခြင်းဖြစ်သည်။
အွန်လိုင်းပေါ်၌ ပျံ့နှံ့ခဲ့သည့် ထိုဗီဒီယိုဖိုင်ကြောင့် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုမရှိကြောင်း ကာကွယ်ပြောဆိုမှုများကို ထိခိုက်စေခဲ့ပြီး ပြည်တွင်းပြည်ပ၌ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ ရိုက်နှက်ခဲ့သည့်ရဲ၊ ခြေထောက်နှင့်ကန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကိုပါ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ထိုကဲ့သို့ဖြစ်ရပ်မျိုး အခြားနေရာများ၌ပါ ဖြစ်ပွားမှု ရှိ၊မရှိကို ဆက်လက်စုံစမ်းနေကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
“ရဲဘက်က စုံစမ်းစစ်ဆေးမှုတွေကို ဒီနေ့ (ဇန်နဝါရီ ၁ ရက်) ပဲလုပ်နေပြီ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က သတင်းထုတ်ပေးမယ်။ အခု ဒါမျိုးတွေ ဖြစ်လာတဲ့အခါ နောက်တခြားနေရာတွေမှာရော ဖြစ်သလားပေါ့။ ဖြစ်နိုင်ခြေရှိလား ဆိုတာတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်” ဟု ၎င်းက ဆိုသည်။
ထိုဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများ စစ်ဆေးဖော်ထုတ်ချက်အရ ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က နိုင်ငံခြားသံတမန်များအဖွဲ့ ကိုးတန်ကောက်ကျေးရွာသို့ လာရောက်စဉ် ကျေးရွာသားများက ဖြစ်စဉ်မှန် မဟုတ်သည့်စာတမ်းများ ကိုင်ဆောင်ဆန္ဒပြသည့် အသွင်မျိုး ဆောင်ရွက်ခဲ့သဖြင့် ထိုစာများ ဖြန့်ဝေသူကို စီစစ်ဖော်ထုတ်ရန် နိုဝင်ဘာ ၅ ရက်က ကိုးတန်ကောက် ကျေးရွာအတွင်းသို့ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ခွဲနှင့် အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရွာအတွင်း ရှင်းလင်းစဉ် ရဲတပ်သား ဇော်ရဲမျိုးထိုက်က ၎င်း၏လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့သည်ကို စီစစ်တွေ့ရှိရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ ဖေ့စ်ဘုတ်စ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ၁၃ ဦးက ဦးဆောင်ပြီး အရေးကြီးကိစ္စ တရပ်အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆွေးနွေးရန် တောင်းဆိုထားသည်။