အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေး အဖမ်းခံရမှု ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ABSDF က ပြောဆိုသည်။
ABSDF ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က“အေးအေးဆေးဆေး ဖြေရှင်းလို့ရတဲ့ အနေအထားမှာ ဖမ်းတယ် ဆီးတယ် ဆိုတာ မျိုး ဟာ မလုပ်သင့်၊ မလုပ်ထိုက်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ ဒါမျိုးတွေက ငြိမ်းချမ်းရေး တည် ဆောက်မှု အပေါ် ယုံကြည်မှုကို လျော့နည်းစေတဲ့ အခြေအနေမျိုးလို့ အဖွဲ့အစည်းအနေနဲ့ နားလည်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရဲဘော် မင်းဌေးသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ပထမအကြိမ် အစည်းအဝေး အပါအဝင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ညှိနှိုင်း ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တက် ရောက် ဆွေးနွေးခြင်းများ ပြုလုပ်နေသူ တဦး ဖြစ်သည်။
ABSDF ၏ မြောက်ပိုင်း တပ်ဖွဲ့၏ ကော်မတီဝင်လည်း ဖြစ်သည့် ရဲဘော် မင်းဌေး သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ လူထု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲများ လုပ်ဆောင်ရန် အဖွဲ့တွင်း အစည်းအဝေးမှ အပြန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေက ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ် အရောက်အတွင် တပ်မတော်၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းယဉ် က ပြောသည်။
ရဲဘော် မင်းဌေးအား ကချင်ပြည်နယ် မိုးမောက် ရဲစခန်းတွင် ဖမ်းဆီးထားပြီး ဖမ်းဆီးထားခြင်းကိစ္စနှင့် ပတ်သက်ပြီး မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က ABSDF ထံသို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) မှတဆင့် စာပို့ အကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။
“ကိုမင်းဌေးကိစ္စနဲ့ ပတ်သက်ပြီး မပခ က JMC ကနေ တဆင့် အကြောင်းကြားစာပို့လာတာပါ။ စာပါအကြောင်း အရာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း (ABSDF) အနေနဲ့ ပြန်အကြောင်းကြားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ စာပါ အကြောင်း အရာ တွေနဲ့ ပတ်သက်ပြီး အခုအချိန်မှာ ပြောဖို့စောပါသေးတယ်”ဟု ရဲဘော် မျိုးဝင်း က ပြောသည်။
အပစ်ရပ်အဖွဲ့များကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မများ ပယ်ဖျက် ပေးလိုက်ပြီဖြစ်၍ ပြည်တွင်းတွင် လွတ်လပ်စွာ သွားလာခွင့်ရကြောင်း၊ သို့သော်လည်း အပစ်ရပ် အဖွဲ့များ လိုက်နာရမည့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ရှိကြောင်း ထိုအချက်များကို ချိုးဖောက်မှုမရှိလျှင် ဖမ်းဆီး၊ အရေးယူမှုများ လုပ်၍ မရကြောင်း အပစ်ရပ်အဖွဲ့ ၈ ဖွဲ့ အနက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောဆိုသည်။
KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က “သတ်မှတ်ချက်၊ သဘောတူညီချက်ကို မချိုးဖောက်လို့ ရှိရင်တော့ မလုပ်သင့်ဘူး၊ အရေးယူလို့ မရဘူးလို့ ကျနော် အဲဒီလိုမြင်ပါတယ်။ ကျနော်တို့ဘက်ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုလည်း အဲဒီလိုပြောမှာပဲ၊ ကျနော်တို့ သဘောတူညီထားတဲ့ အချက်တွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို မချိုးဖောက်လို့ ရှိရင်တော့ ဖမ်းဆီးတာတို့၊ အရေးယူတာတို့ လုပ်လို့မရဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။
ရဲဘော် မင်းဌေး ဖမ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ JMC အနေဖြင့် ABSDF နှင့် မပခ တို့အကြား ဆက်သွယ် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နှစ်ဘက် ဆက်သွယ်နေသည့် စာပါ အကြောင်းအရာများကိုတော့ ထုတ်ဖော် ပြောဆို၍ မရသေးကြောင်း JMC အလုပ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ မင်းဇော်ဦး ကလည်း ပြောသည်။
ဒေါက်တာ မင်းဇော်ဦး က “လောလောဆယ်တော့ ဒီကိစ္စက ကျနော်တို့ JMC ကို ရောက်လာတယ်။ ရောက်လာတဲ့ အခါမှာ တဘက် အဖွဲ့အစည်းကိုလည်း ဒီကိစ္စက ဒီလိုဖြစ်တယ် ဆိုတဲ့ဟာကိုတော့ အကြောင်းပြန်ကြားထားတာ ရှိပါ တယ်။ တဘက် အဖွဲ့ အစည်းက တုံ့ပြန်တဲ့ တုံ့ပြန်ချက်တွေ အပေါ်မူတည်ပြီးတော့ ဒါတွေကို ဘယ်လိုမျိုးရှင်းနိုင်မလဲ။ ဒီကိစ္စက JMC နဲ့ တိုက်ရိုက် ဆိုင်လား၊ NCA ချိုးဖောက်မှုနဲ့ဆိုင်လား။ တခြားဘယ်သူနဲ့ဆိုင်လဲ ဆိုတဲ့ဟာကို ကျနော်တို့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟုလည်း ပြောပြသည်။
ABSDF အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုသို့ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပစ်ရပ် အဖွဲ့များ အနေဖြင့် တစိုက်မတ်မတ် လုပ်ဆောင် နေစဉ် ကာလအတွင်း ယခုကဲ့သို့ အဖြစ်အပျက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပစ်ရပ်အဖွဲ့များနှင့် လူထုက ယုံကြည်မှု တစုံတရာ ပျက်ပြားသွားမည်ကိုလည်း စိုးရိမ်မိကြောင်း ရဲဘော် မင်းဌေး ၏ ဇနီးလည်းဖြစ် ABSDF မြောက်ပိုင်း အဖွဲ့ ကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ဒေါ်နန်းယဉ် က ပြောဆိုသည်။
ဒေါ်နန်းယဉ် က “ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းစဉ်အောက်မှာ ညှိနှိုင်းပြီး ဆောင်ရွက်သွားကြရမယ်။ အကောင်းဆုံး ဖြေရှင်းဖို့ လိုအပ်မယ်။ နောက်တခုက ဒါကို ညှိနှိုင်းလို့ မရရင်လည်း ယုံကြည်မှုတွေ နည်းနည်း လျော့နည်းလာမှာကို စိတ်ပူတယ်။ နောက်တခုက ဒါမျိုးတွေကြောင့် ကျန်တဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေထဲမှာရော၊ လူထုအကြားမှာ ရော ဘာလဲဆိုပြီး ဒီဖြစ်စဉ်အပေါ်မှာ သို့လော၊ သို့လောနဲ့ ဖြစ်နေတဲ့ အသံတွေကြားလာတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
ရဲဘော် မင်းဌေးသည် ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ကာလအတွင်း ကမ္ဘာကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone ရိုက်ကူးထုတ်လုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ထားသည့် “Rambo 4” ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင် ထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် “The Lady” ရုပ်ရှင်ကားတွင်လည်း ပါဝင် သရုပ် ဆောင်ထားသည်။
ထို့အပြင် မြန်မာ ဗီဒီယို ကားများဖြစ်သည့် “အမေတွေ အသဲကွဲတဲ့မြေ”၊ “အဖေ့ကျောင်း”၊ “ချွတ်ချော်တဲ့ လွှတ်တော်”၊ “ဇွတ်ခေါ်တဲ့ လွှတ်တော်” စသည့် ဇာတ်ကား များတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။