ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ မိုင်းလားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ဝင်ရောက်နေသည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ တပ်ရင်း ၄ ရင်းအနက် ၃ ရင်း နေရပ်သို့ ပြန်လည် ဆုတ်ခွာသွားပြီဟု အစိုးရ ၏ ငြိမ်းချမ်းရေး ကော်မရှင်က ပြောသည်။
ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း မြို့တွင် UWSA ဗဟိုကော်မတီဝင်များ၊ တပ်ပိုင်းဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်တွင် မိုင်းလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းလားမြို့တွင် NDAA ထိပ်ပိုင်း အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။
ခရီးစဉ်တွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တချို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။
ဦးအောင်စိုးက “၀ ဘက်က သူတို့ခံယူထားတဲ့ မူဝါဒ ၇ ချက်ကို တင်ပြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ဆိုုင်ရာ အချက်တွေ ပါတယ်။ မိုင်းလားကတော့ ၀ တပ်ဖွဲ့တွေ မိုင်းလားထဲ ရောက်နေတာကို တင်ပြပါတယ်။ ကျနော်တို့ အရင် တခါ ညှိနှိုင်းတုန်းကတော့ သူတို့ ဆုတ်ပေးပါတယ်။ အရင်တခါ တပ်ရင်း ၄ ရင်း ဝင်တာ ၃ ရင်း ဆုတ်သွားပါပြီ”ဟု ပြောပြသည်။
NDAA က ၎င်းတို့ နယ်မြေအတွင်း ဝ တပ်ဖွဲ့များ ဝင်ရောက်နေသည်ကို ဖြေရှင်းပေးရန် တောင်းဆိုသဖြင့် ငြိမ်းချမ်းရေး ကော်မရှင်က အဆိုပါ ဒေသများသို့ သွားရောက်ရခြင်း ဖြစ်သည်ဟုလည်း ဦးအောင်စိုးက ဆိုသည်။
NDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် ကလည်း “သူတို့(အစိုးရ) ဝ ဘက်ကို ဆွေးနွေးခဲ့တယ်။ အဲ့ဒါက ခင်ဗျားတို့ ပြော တာ က မိုင်းလားသွားတာ စစ်ရေးလေ့ကျင့်တာ ဖြစ်တယ်။ အခုက ၃လလောက်ကြာပြီ။ လေ့ကျင့်ရေးက ပြီးသင့် ပြီ ပေါ့။ အရင်က စက်တင်ဘာလ ၂၈ ရက်မတိုင်မီက ပုံစံပြန်ဖြစ်ရင် အဲ့ဒီလိုဆို ကောင်းတယ်ပေါ့။ ဝ မှာ အဲ့ဒီလို ဆွေးနွေး ခဲ့တာကို ကျနော်တို့ကို ပြောပြတယ်”ဟု ပြောသည်။
‘ဝ’တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၈ ရက်မှစ၍ မိုင်းလားဒေသအတွင်းသို့ ဝင်ရောက်ကာ အစိုးရနှင့် မိုင်းလား နယ်နိမိတ်ကြားရှိ တောင်ကုန်းနှင့် တပ်စခန်းတချို့နေရာများမှ မိုင်းလားတပ်ဖွဲ့များကို ဖယ်ရှားပြီး ‘ဝ’တပ်ရင်း ၄ ရင်း၊ အင်အား ၆၀၀ ကျော်က အစားထိုး ဝင်ရောက်နေရာယူထားခဲ့ခြင်း ဖြစ်သည်။
‘ဝ’တပ်ဖွဲ့များ မိုင်းလား တပ်စခန်းတချို့ကို သိမ်းလိုက်စဉ်က ၎င်းတို့သည် ခရီးကြမ်းနှင်လာပြီး စစ်ရေးလေ့ကျင့်ခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် မည်သည့် အကြောင်းရင်းကြောင့် ထိုကဲ့သို့ UWSA နှင့် NDAA ကြား ပြဿနာ ပေါ်ပေါက်သည်ကို အတည်ပြုချက် မရရှိပါ။
မိုင်းလားဒေသအတွင်း ဝင်ရောက်နေသည့် ဝ တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြား တွင်လည်း စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီး နှစ်ဖက် အပြန်အလှန် စစ်လက်နက်၊ လူအင်အား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။
ဦးကြည်မြင့်က ဝ နှင့် ၎င်းတို့ မိုင်းလားအဖွဲ့သည် ညီအစ်ကို ဆက်ဆံရေး တည်ဆောက်ထားပြီး လွန်ခဲ့သည့် ၅ နှစ် ဝန်းကျင်မှစ၍ စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း၊ တချို့ တပ်စခန်းနေရာများတွင် နှစ်ဘက် တပ်ဖွဲ့များ ရောနှော၍ တောင်ပေါ်စခန်းများ အတူတကွ ဆောက်လုပ်ကြပြီး ညီအစ်ကို ဆက်ဆံရေး ရှိကြောင်း၊ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာသည် ဝ တပ်ဖွဲ့တခုလုံး၏ ဆန္ဒမဟုတ်ဘဲ ဖြစ်သွားရခြင်း ဖြစ်ကြောင်း ပြောသည်။
တပ်မတော်၊ မိုင်းလား နှင့် ဝ တပ်ဖွဲ့တို့ကြား မတည်မငြိမ်ဖြစ်ပွားမှုများကို အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က ညှိနှိုင်း ပေးရန်အတွက် UWSA နှင့် NDAA တို့ထံ လာရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သော်လည်း UWSA ဘက်မှ လက်ခံခဲ့ခြင်း မရှိဘဲ ဒီဇင်ဘာလ ၃၀ ရက်မှသာ လက်ခံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ ‘ဝ’တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသည်မှာ မှန်ကန် သော် လည်း အစိုးရ၏ ညှိနှိုင်းမှုဖြင့် မဟုတ်ဘဲ UWSA နှင့် NDAA တို့ အချင်းချင်းကြား ညှိနှိုင်းမှုများကြောင့် အောက်တိုဘာ လ တွင် တကြိမ်၊ နိုဝင်ဘာလတွင် တကြိမ်၊ ဒီဇင်ဘာလတွင် တကြိမ် စုစုပေါင်း တပ်ရင်း ၃ ရင်း ပြန်လည် ဆုတ်ခွာ သွားခြင်း ဖြစ်ပြီး လက်ရှိတွင် တာပင်းဂိတ်၊ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုန် တောင်ကြောတွင်သာ တပ်ရင်း ၁ ရင်း အင်အား ၁၅၀ ဝန်းကျင်သာ ကျန်ရှိနေတော့သည်ဟု ပြောသည်။
ဦးမောင်မောင်စိုးက “မိုင်းလားထဲဝင်နေတဲ့ ဝတပ်တွေက တပ်မတော်နဲ့ ရင်ဆိုင်နေတဲ့ ဧရိယာတွေမှာ ရှိပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ ဝင်မပါတာကြောင့် မိုင်းလားအတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် တာပင်းနဲ့ မျက်နှာချင်းဆိုင်မှာ အစိုးရဘက်က တပ်တွေ ရှိတယ်။ ဂိတ်တွေ ပိတ်ထားတာကြောင့် သွားရေးလာရေးတော့ နည်းနည်းခက်တာပေါ့”ဟု လည်း ပြောဆိုသည်။
ဝ နှင့် မိုင်းလားတို့သည် ညီအစ်ကို မဟာမိတ်ဆက်ဆံရေး တည်ဆောက် ထားပြီး ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ပြည်သူ့စစ် အဖြစ် ပြောင်းလဲရမည်ဟု ဖိအားပေးသည့် အချိန်က ၎င်းတို့ နှစ်ဖွဲ့ကြား သဘောတူညီမှုများဖြင့် ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးမောင်မောင်စိုးက “၂၀၁၀ ဧပြီလောက်ကစပြီး ဝ တပ်ဖွဲ့အင်အား ၅၀၀ ဝန်းကျင်က မိုင်းလားဒေသက ပေ ၈၀၀၀ လောက်မြင့်တဲ့ လွယ်ပန်နှောင့် တောင်ကြောပေါ်မှာ နေရာယူထားတာ ဒီနေ့အထိပဲ ။ ဒါက စက်တင်ဘာလက ဖြစ်တဲ့ ပြဿနာနဲ့ မဆိုင်ဘူး”ဟုလည်း ရှင်းပြသည်။
ထို့အပြင် မိုင်းလားအဖွဲ့က အစိုးရ အကောင်အထည် ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုထားခြင်းနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိုင်းလား တောင်ပေါ်ဒေသများရှိ ဖွံံ့ဖြိုးမှု အားနည်းနေသည့် နေရာများကို လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေးများ အထောက်အကူ ပြုပေးရန်၊ မိုင်းယန်းမြို့ရှိ ဒေသခံများအတွက် မြေကွက်များ ဖော်ပေးရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။
UWSA နှင့် NDAA တို့ဘက်က အစည်းအဝေးအတွင်း တောင်းဆိုချက်များကို အစိုးရဘက်က ကတိတစုံတရာ ပေးခဲ့ ခြင်း မရှိဘဲ အစိုးရထံ တင်ပြပြီးမှ ညှိနှိုင်းလုပ်ဆောင်မည်ဟုသာ ငြိမ်းချမ်းရေး ကော်မရှင်က ပြောဆိုခဲ့ကြောင်း ဦးအောင်စိုး က ပြောဆိုသည်။
UWSA နှင့် NDAA တို့ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း၊ ခွဲထွက်မည် မဟုတ်ကြောင်း၊ လွတ်လပ်ရေး သီးသန့် တောင်းဆိုမည် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်သွား ကြရန် အာမခံကြောင်း ကတိကဝတ်ပြုမှုများ ရှိသည်ဟုလည်း ဦးအောင်စိုးက ပြောသည်။
UWSA နှင့် NDAA တို့သည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် စတင် အကောင်အထည် ဖော်ခဲ့သည့် အပစ် အခတ် ရပ်စဲရေး အသစ် ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA)ကို လက်မှတ် ရေးထိုး ထားခြင်း မရှိပါ။
အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ပထမအဆင့်အဖြစ် NCA ကို လက်မှတ်ထိုးရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး ယခင်စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ကလည်း ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည်။
NDAA သည် ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်၊ မက်မနန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အစိုးရက သတ်မှတ်ပေးထားသည်။
NDAA သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့၊ မိုင်းယန်းမြို့ရှိ ဆီလူးဒေသ ၊ မိုင်းယောင်းမြို့ရှိ နမ့်ပန်း ဒေသ တို့ကို အထူးဒေသအဖြစ် သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည်။
UWSA နှင့် NDAA တို့သည် ၎င်းတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်မှ ပြည်နယ်အုပ်ချုပ်ခွင့်ရ အဆင့်ထိ တိုးမြှင့် ပေးရန်လည်း အစိုးရထံ တောင်းဆိုထားသည်။