ကျိုက်ထိုမြို့မှာ ဟိုတယ်ဆောက်လုပ်ဖို့ သရုပ်ဆောင်လွင်မိုး ဝယ်ယူထားတဲ့ ခြံမြေကွက် ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂ ရက်၌ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
ကျိုက်ထိုမြို့ ကင်းမွန်ချောင်းကျေးရွာ အနီးမှာရှိတဲ့မြေ ၂ ဧကခွဲကို သရုပ်ဆောင်လွင်မိုးက ငွေကျပ် သိန်း ၃,၉၅၀ နဲ့ ပြီးခဲ့တဲ့ မေလအတွင်းမှာ ပိုင်ရှင်ဖြစ်သူ ကိုကျော်သူရလှိုင်ဆီက ဝယ်ယူခဲ့ပြီးနောက် စက်တင်ဘာလအတွင်းမှာ KNLA တပ်မဟာ ၇ မှ ဗိုလ်မှူး စောနေဗလုက သူခြံမြေကွက်ဖြစ်တဲ့အတွက် ထိုမြေကွက်ကို ခြံဝင်ရောက် ခတ်ခဲ့တယ်လို့ သရုပ်ဆောင်လွင်မိုးက ပြောပါတယ်။
ဒီဖြစ်ရပ်နှင့် ပတ်သက်ပြီး မူလမြေပိုင်ရှင်နဲ့ ဗိုလ်မှူး စောနေဗလုတို့ တရားဥပဒေအရ ဖြေရှင်းခဲ့သော်လည်း၊ ဗိုလ်မှူးစောနေဗလုက မိမိ (လွင်မိုး) သည် BGF (နယ်ခြားစောင့်)တပ်ဖွဲ့နှင့် ပူးပေါင်းကာ သူ့ကို BGF အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ ဒီလိုဖမ်းဆီးခံရတဲ့အတွက် အမှုမှန်ပေါ်ပေါက်စေဖို့ စာနယ်ဇင်းများကို မကြာခင် ရှင်းလင်းတော့မယ်လို့ ဗိုလ်မှူးစောနေဗလုက ပြောဆိုလာတဲ့အတွက် မိမိ၏ဂုဏ်သိက္ခာကို ထိပါးပြောဆိုမှုများ ရှိလာနိုင်သောကြောင့် ယခုသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာဖြစ်တယ်လို့ သရုပ်ဆောင်လွင်မိုးက ပြောပါတယ်။
သရုပ်ဆောင်လွင်မိုးနဲ့ BGF လက်နက်ကိုင်အဖွဲ့တို့ ကျူးကျော်ခြံခတ်ပြီး သူအပါအဝင် လူပုဂ္ဂိုလ် ၄ ဦးကို မတရားအမှုဆင် တရားစွဲခဲ့တဲ့အတွက် ဗိုလ်မှူးစောနေဗလူက သတင်းစာရှင်းလင်းပွဲတခုကို လာမယ့် ဇန်နဝါရီ ၅ ရက်မှာ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
သရုပ်ဆောင်လွင်မိုးက သတင်းစာရှင်းလင်းပွဲမှာ သက်ဆိုင်ရာ စာရွက်အထောက်အထားများနဲ့အတူ စာနယ်ဇင်းများထံ ချပြခဲ့တာနဲ့အတူ မူလမြေပိုင်ရှင်ဖြစ်သူ ကိုကျော်သူရလှိုင်ကလည်း လွင်မိုးက သူ့ထံမှ အဆိုပါ ခြံမြေကွက်ကို ဝယ်ယူခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုပါတယ်။
သရုပ်ဆောင်လွင်မိုးက “ ဒီကိစ္စအရှေ့ပိုင်းမှာ ကျနော်နဲ့ မဆိုင်နဲ့အတွက် သီးသန့်နေခဲ့တယ်။ သက်ဆိုင်တဲ့ ပိုင်ရှင်ကိုကျော်သူရလှိုင်နဲ့ပဲ ရှင်းခိုင်းခဲ့တယ်။ အခုသူက ကျနော်နဲ့ တိုက်ရိုက်ပတ်သက်လာတာ ဖြစ်တဲ့အတွက် ကျနော်ပြောချင်တာက ၅ ရက်နေ့ကျရင်လည်း သူ့ရှင်းမယ့် ရှင်းလင်းပွဲမှာ စာနယ်ဇင်းတွေနဲ့ တွေ့ကြဦးမှာပါ။ ကျနော်ပြောချင်တာ တခုက ကျနော်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့သော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရသော် လည်းကောင်း ထိခိုက်စော်ကားလာရင် ပြင်းပြင်းထန်ထန် တရားစွဲမှာဖြစ်ကြောင်း ပြောချင်တယ်”လို့ ပြောဆိုပါတယ်။