သတင်း

လမ်းဘေးစျေးသည်နှင့် အနှေးယာဉ်လုပ်သား ၇ ဦးကို စည်ပင် အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အတွင်း စည်ပင်သာယာ ဝန်ထမ်းများနှင့် ပြဿနာ ဖြစ်ပွားခဲ့သော စျေးသည်နှင့် အနှေးယာဉ်လုပ်သားများကို အမှုဖွင့်ထားကြောင်း လမ်းမတော် မြို့မ ရဲစခန်း မှ သိရသည်။

အနှေးယာဉ် လုပ်သားများဖြစ်သည့် ကိုတုတ်ကြီး၊ ဝေယံဖြိုး၊ နေလင်းကျော် နှင့် စျေးသည်များဖြစ်သည့် မဌေးဌေးမြင့်၊ မအိအိဖြိုး၊ မာလာထွန်းနှင့် ဒေါ်ကျင်ထွေးတို့က စျေးမရောင်းရနယ်မြေတွင် ရောင်းချနေသည့် လမ်းဘေးစျေးသည်များကို ရှင်းလင်းသည့် စည်ပင်ဝန်ထမ်းများကို ဆဲဆိုခြင်း၊ ခဲဖြင့် ပစ်ပေါက်ခြင်း၊ ရန်ရှာခြင်းများ ပြုလုပ်ခဲ့သည့် အတွက် လမ်းမတော် မြို့နယ် စည်ပင်သာယာဌာနခွဲမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဝေက ရဲစခန်းတွင် တရားလိုပြုလုပ်ကာ ပုဒ်မ ၃၃၂၊ ၂၉၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် စည်ပင်ဝန်ထမ်းနှင့် စျေးသည်အချို့တွင် သာမန်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အမှုဖွင့်ခံထားရသည့် ရ ဦးကို အာမခံပေးထားကြောင်း သိရသည်။

“သာမန်ဒဏ်ရာရရှိပြီး တာဝန် ဝတ္တရားနှောက်ယှက်မှု၊ ဆဲရေးတိုင်းထွာမှု စတဲ့ ၃ မှုနဲ့ စျေးသည်၊ ဆိုက်ကားသမား ရ ဦး ကို အမှုဖွင့်ထားတယ်။ အမှုဖွင့်ခံထားရတဲ့အထဲက မဌေးဌေးမြင့်ကလည်း စည်ပင်သာယာဌာနခွဲက အငယ်တန်းစာရေး ကိုဇော်ဇော်ဦးက သူ့ကို ကာအိန္ဒြေပျက်ပြားအောင်လုပ်တယ်ဆိုပြီး ပုဒ်မ ၃၅၄ နဲ့ အမှုပြန်ဖွင့်ထားတယ်”ဟု တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်မှ ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာမြို့နယ်များ အတွင်း လူသွားစင်္ကြံပေါ် စျေးရောင်းချခြင်းမပြုရန် သတိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက် စျေးသည်များကို ကမ်းနားလမ်းအနီးရှိ သတ်မှတ်နေရာသို့ ဒီဇင်ဘာ လဆန်းပိုင်းတွင် စတင်ပြောင်းရွှေ့ခိုင်းခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading