မောင်တောရှိ ကျောင်းဆရာမများ နေရာတွင် ကျောင်းဆရာများ အစားထိုးခန့်အပ်
အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောခရိုင်ရှိ စာသင်ကျောင်းများ၌ ဒေသခံ မဟုတ်သည့် ကျောင်းဆရာမများ နေရာ၌ ကျောင်းဆရာများကို အစားထိုး ခန့်အပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
“ ဒီဒေသမှာ သွားလာရေးက လုံခြုံမှု မရှိဘူး။ အခက်အခဲရှိလို့ ပြောင်းရွှေ့ချင်တဲ့ ဆရာမတွေကို ခွင့်ပြုပေးလိုက်တာပါ၊ ပြောင်းရွှေ့ခွင့်ပေးတဲ့အထဲ ကျောင်းဆရာတွေတော့ မပါဘူး” ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။
ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ကျောင်းဆရာမ ဦးရေ ၂၈၀ ကို ပြောင်းရွှေ့ခွင့်ပြုထားပြီး ၎င်းတို့နေရာတွင် မူလတန်းပြကျောင်းဆရာ ၅၄၁ ဦးကို နေ့စား လပေးဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ် နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
လတ်တလော ခန့်အပ်လိုက်သည့် ကျောင်းဆရာများကို နေ့စား လပေးဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည့်အတွက် အခြားသော အထူးထောက်ပံ့ကြေးများကို အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ပြီးမှသာ ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။
မောင်တောခရိုင်အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၈ ကျောင်းနှင့် မူလတန်းကျောင်း ၃၇၅ ကျောင်း ရှိပြီး လုံခြုံရေး အခြေအနေအရ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဝန်ထမ်းအချို့သည် ထိုဒေသ၌ တာဝန်ပြန်လည် ထမ်းဆောင်ရန် စိုးရိမ်မှုများ ရှိနေပြီး၊ အစိုးရက ပညာရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်း အားလုံးကို ထောက်ပံ့ကြေး တိုးမြှင့်ပေးမည့် အစီအစဉ်ကို ပြုလုပ်နေကြောင်း ဦးအောင်ကျော်ထွန်းက ပြောသည်။