သတင်း

မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့နှင့် နိုဝင်ဘာ ၁၂ရက် ၁၃ရက်နေ့များက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖြစ်ပွားနေ သည့် အခြေအနေများကို ပုဂ္ဂိုလ် ၁၃ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာ ၁ရက်နေ့ ကဖွဲ့စည်းကာ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးနှင့် နောင်မဖြစ်ပွားရေးအတွက် သုံသပ်အကြံပြုရန် တာဝန်ပေး ခဲ့ရာ ယခုအခါ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်က ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ များ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၏ နောက်ခံအခြေအနေနှင့် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး သုံးသပ်အကြံပြုရန် စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးဖြင့် နိုင်ငံတော် သမ္မတရုံး၏ ၁ – ၁၂ – ၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၉ / ၂၀၁၆ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

၂။ ကော်မရှင်သည် ကော်မရှင်အစည်းအဝေး သုံးကြိမ် ကျင်းပခြင်း မောင်တောဒေသ သို့ ပထမအကြိမ် ကွင်းဆင်း၍ ကျေးရွာပေါင်း ၁၀ ရွာ၊ လုံခြုံရေးစခန်း လေးခုသို့ သွားရောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူ့အဖွဲ့အစည်းအသီးသီးမှ ကျေးရွာသားများ၊ ရပ်ရွာလူကြီး များအား တွေ့ဆုံ၍ မေးမြန်း စုံစမ်းခြင်းနှင့် သတင်း ထုတ်ပြန်ချက် နှစ်ကြိမ် ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
၉ – ၁၀ – ၂၀၁၆ ရက်နေ့ဖြစ်စဉ်

၃။ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ဝ၁၃ဝ အချိန်ခန့်တွင် မောင်တောမြို့နယ် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ဌာနချုပ် (ကျီးကန်းပြင်) သို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁ဝ၀ ဦးခန့်ကလည်းကောင်း၊ တစ်ပြိုင်တည်းမှာပင် နံနက် ဝ၃၃ဝ အချိန်ခန့်တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်နယ်ခြားစောင့် ရဲကင်း စခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃ဝ ခန့်ကလည်းကောင်း၊ ဝ၄၃ဝ အချိန်ခန့်တွင် ငါးခူရကင်းစခန်းကို အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၅ဝ ဦးခန့်က လည်းကောင်း၊ သေနတ်၊ ဓား၊ လှံ၊ ဂျင်ဂလိများအသုံးပြု၍ ရုတ်တရက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါသည်။ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့၍ ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ ရဲတပ်ဖွဲ့ဝင် ဇနီး တစ်ဦး၊ အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၂ လက် အပါအဝင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့ပါသည်။ ယင်းဖြစ်စဉ် များတွင် အကြမ်းဖက်တိုက်ခိုက်သူ နှစ်ဦးကို လုပ်သေနတ် တစ်လက်နှင့်အတူ ဖမ်းဆီး ရမိပြီး ရှစ်ဦးကို အသေဖမ်းဆီးရရှိပါသည်။
၁၂ – ၁၁ – ၂၀၁၆ ရက်နေ့ဖြစ်စဉ်

၄။ ၁၂ – ၁၁ – ၂၀၁၆ ရက်နေ့ ၀၆ ၄၅ အချိန်ခန့်တွင် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းသည် မယင်းတောင် ကျေးရွာအနီးသို့ ရောက်ရှိစဉ် ပတ်ဝန်းကျင်ရှိ တောင်ကုန်းနှင့် တောတန်းများအတွင်းမှ သေနတ်၊ ဓား၊ လှံ နှင့် မှိန်းများ ကိုင်ဆောင်လျက် ထွက်လာသည့် အကြမ်းဖက်တိုက်ခိုက်သူ ၇၀ ဦးခန့်နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်သည်တစ်ဦး ကျဆုံး၍ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပါသည်။ အကြမ်းဖက်တိုက်ခိုက်သူ ခြောက်ဦးကို အသေဖမ်းဆီးရမိ၍ သေနတ် တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါသည်။ ၁၀၃၀ ချိန်ခန့်တွင် ပွင့်ဖြူချောင်း ကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသည့်အခါ နေအိမ်အချို့ မီးလောင်ကျွမ်း ထားသည်ကို တွေ့ရှိရပါသည်။ ၁၀၅၅ ချိန်တွင် ရဲတပ်ဖွဲ့နှင့် လဝက ဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းကို အကြမ်းဖက်တိုက် ခိုက်သူများက မောင်နှမတောင် ရွာအဝင် ဘေလီတံတား၌ မိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။ ၁၄၁၅ ချိန်တွင် ဂွဆုံကျေးရွာနှင့် အနီးအနားကျေးရွာများမှ သေနတ်၊ ဓား၊ လှံ နှင့် မှိန်းများ ကိုင်ဆောင်လျက် ထွက်လာသော အကြမ်းဖက်တိုက်ခိုက်သူ အင်အား ၈၀၀ ဦးခန့်က တပ်မတော် စစ်ကြောင်းကို ဂွဆုံကျေးရွာအနီး၌ ဝိုင်းပတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦး ကျဆုံးပြီး စစ်သည် နှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါသည်။ ထိုသို့ ပြင်းထန်စွာ တိုက်ခိုက်ခံနေရ သဖြင့် တပ်မတော်(လေ)က MI-2 ရဟတ်ယာဉ် နှစ်စီးဖြင့် လူစုခွဲရန် ပစ်ကူပေးခဲ့ရ ပါသည်။ ၁၅၂၀ ချိန်တွင် ဖော်ကီးတောင်တံတား၌ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်ကို အကြမ်းဖက်တိုက်ခိုက်သူများက မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရ ပါသည်။ အကြမ်းဖက်တိုက်ခိုက်သူများသည် ၁၆၅၀ ချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းကိုလည်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။
၁၃ – ၁၁ – ၂၀၁၆ ရက်နေ့ဖြစ်စဉ်

၅။ ၁၃ – ၁၁ – ၂၀၁၆ ရက်နေ့ ၀၉၀၀ ချိန်ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်၍ လုံခြုံရေး တာ ဝန်ယူသော တပ်ဖွဲ့များနှင့်အတူ ဂွဆုံကျေးရွာသို့ သွားရောက်ရှင်းလင်းရာ ရွာရှိ အိမ်ခြေ ၅၀ ခန့် မီးလောင် ကျွမ်းထားသည်ကို တွေ့ရှိရပြီး ဓားရှည် ကိုယ်စီကိုင်ထား သည့် အကြမ်းဖက်တိုက်ခိုက်သူ ခုနှစ်ဦးတို့က ရုတ်တရက် ပြေးထွက်လာ၍ အနီးကပ် ရန်ပြု တိုက်ခိုက်သဖြင့် လုံခြုံရေးတာဝန်ယူသော တပ်ဖွဲ့ဝင်များက ပြန်လည်ကာကွယ်ခုခံရာ အကြမ်းဖက်တိုက်ခိုက်သူ ခြောက် ဦးကို အသေဖမ်းဆီးရမိခဲ့ပါသည်။ ၁၃၀၀ ချိန်ခန့်တွင် ဒါးကြီးဇား(တောင်)ကျေးရွာအ တွင်းသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဦးဆောင် ဝင်ရောက်စဉ် တုတ်၊ ဓား ကိုယ်စီ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၂၅ ဦးခန့်က အလစ်အငိုက် စောင့်ကြို တိုက်ခိုက်သဖြင့် လုံခြုံရေး တာဝန်ယူသည့် တပ်ဖွဲ့များက ကာကွယ်ပစ်ခတ်ရာ အကြမ်းဖက် တိုက်ခိုက်သူ ၁၉ ဦးကို အသေဖမ်းဆီးရမိခဲ့ပါသည်။ ၁၆၃၀ ချိန်ခန့်တွင် အကြမ်းဖက်တိုက်ခိုက်သူ ၁၀ ဦးခန့် ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝါးပိတ်ကျေးရွာအတွင်းသို့ ဝင်ရောက် ရှင်းလင်းရာ အကြမ်း ဖက်တိုက် ခိုက်သူများ ဆုတ်ခွာသွားပြီး ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ကျွမ်းလျက် ရှိသည်ကို တွေ့ရှိရသဖြင့် မီးလောင်ကျွမ်းနေသည့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရပါသည်။ ယင်းဖြစ်စဉ်တွင် ဗလီတစ်လုံးနှင့် အိမ်အချို့ မီးလောင်ကျွမ်းမှု မရှိသည်ကိုလည်း တွေ့ရှိရပါသည်။
မောင်တောဖြစ်စဉ်တွင် ဦးဆောင်ပါဝင်သူများ

၆။ မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ် မူလ် မူဂျာဟီဒင်န်)အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကိုဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက် တစ်ဦး ဖြစ်သည့် ဟာဗစ်တူဟာရ် ခေါ် အာပူဟာမတ် ဇူးလူနီ ဖြစ် ကြောင်း၊ အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံတွင် ခြောက်လ သင်တန်း တက်ရောက်ခဲ့သူဖြစ်ကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ် အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက်နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်း များထံမှ ငွေကြေးထောက်ပံ့မှုများ ရယူလျက် ရှိကြောင်း၊ ၎င်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေ ငါးခူရ ကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည်စခန်းတွင် နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ် တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ် ဆိုသူအပါအဝင် ၁၂ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော ငါးလခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသ သို့ဝင်ရောက်လာပြီး ဟာဗစ်တူဟာရ် စည်းရုံးထားသော ဒေသနေ အစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်းများ ပေးခဲ့ကြောင်း ဖမ်းဆီး ရမိသည့် မာမက်နူရာ၊ မာမက်ဆန် နှင့် ဖော်ဆော်လာမောက် တို့၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။ တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းတွင် တိုက်ခိုက်မှု ခေါင်းဆောင်ဖြစ်သူ ဟာဗစ်တူဟာရ်သည် လူမှုကွန်ယက်များမှတစ်ဆင့် မောင်တောဒေသတွင် စစ်ပွဲများ ဆက်လက်ဆင်နွဲရေး အတွက် ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဝါဒဖြန့် ဗွီဒီယို ဖိုင်ကို ဆက်တိုက် ၁၀ ကြိမ် ထုတ်လွှင့်ခဲ့ရာ ပထမအကြိမ်ထုတ်လွှင့်သည့် ဗွီဒီယိုတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-

“ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင် ဟာဗစ်တူဟာ(ခ) အာပူဟာမတ်ဇူးလူနီ၏ (ပထမ)ဝါဒဖြန့် ဗွီဒီယိုဖိုင် (၁၂-၁၀-၂၀၁၆)

ငါတို့ရိုဟင်ဂျာညီအစ်ကိုများ အစ္စလာမ်လူမျိုးများကို ကယ်တင်ချင်ရင် ရခိုင်မြေမှာ နေထိုင် ချင်ခဲ့လို့ရှိရင် ရခိုင်ပြည်တွင်ရှိသည့် ညီအစ်ကိုမောင်နှမ ရိုဟင်ဂျာလူမျိုး နားထောင်ထား၊ ရခိုင်ပြည်မှာရှိတဲ့ ယောက်ကျားလူပျိုများအားလုံး ထွက်ခဲ့ကြ၊ အမှန်တကယ် ကယ်တင် ချင်လို့ရှိရင် အိမ်မှာ ထိုင်မနေကြဘဲ အားလုံး ထွက်လာခဲ့ကြ၊ ယောက်ကျားဆိုရင် သေမှာ မကြောက်နဲ့ အားလုံးထွက်လာခဲ့ကြ၊ တိုက်ပွဲ ဆင်နွှဲကြမယ်၊” ဟု ကြေညာခဲ့ပါသည်။

လက်ရှိမောင်တောဒေသဖြစ်စဉ်၏ထူးခြားချက်

၇။ ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်အတွင်း ယခင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် မတူကွဲပြားလျက် ရှိပါသည်။ ယခင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ဒေသခံပြည်သူ အချင်းချင်းအကြား ဖြစ်ပွားခဲ့သောပဋိပက္ခ များဖြစ်ပြီး ယခုဖြစ်စဉ်သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း၌ အကြမ်းဖက်အဖွဲ့အစည်းများက စနစ်တကျ အချိန်ယူပြီး ဖွဲ့စည်း ပြင်ဆင် မှုများပြုလုပ်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးသည့် အကြမ်းဖက် တိုက်ခိုက် မှုမျိုး ဖြစ်ပါသည်။ ထို့အပြင် ပြည်ပ နှင့်ဆက်စပ်နေသည့် ကွင်းဆက်များလည်း ပေါ်ပေါက် နေသဖြင့် ပိုမိုသိမ်မွေ့ရှုပ်ထွေးလျက်ရှိ ပါသည်။
၈။ ယခုဖြစ်စဉ်များသည် ပြည်ပနိုင်ငံများရှိ အစွန်းရောက်အဖွဲ့အစည်းများ၊ လူမျိုးရေး အရ သွေးခွဲလှုံ့ဆော်လိုသူများ၏ ထောက်ခံမှု၊ စည်းရုံးမှုများ၊ ငွေကြေးထောက်ပံ့မှုများ၊ တိုက်ခိုက်မှုအတွေ့ အကြုံရှိသူတို့၏ ဦးဆောင်မှုများဖြင့် ဒေသခံဘင်္ဂါလီများ၏ မိမိတို့ ရသင့် ရထိုက်သော အခွင့်အရေးများ မရရှိဟုဆိုသော ယူဆချက်များကို အသုံးချ၍ နိုင်ငံတကာက အလေးထား အာရုံပြုလာအောင် အကွက်ကျကျ ဖန်တီးဖော်ဆောင်သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သည်ကို တွေ့ရှိရပါသည်။
၉။ အချို့သောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ဤဒေသအတွင်း၌ မငြိမ်မသက် ဆူပူမှုများဖြစ်စေရေးအတွက် ရည်ရွယ်ချက်ဖြင့် ငွေကြေးထောက်ပံ့မှုများကို ပြည်ပနိုင်ငံ များမှတစ်ဆင့် နည်းလမ်းအမျိုးမျိုးဖြင့် ပေးအပ်လျက်ရှိကြောင်း ဖမ်းဆီးရမိသည့် တရားခံများ၏ ထွက်ဆိုချက်အရ သိရှိရ ပါသည်။

ပြင်ပစွပ်စွဲပြောဆိုမှုများအပေါ် စိစစ်ချက်

၁၀။ ပြင်ပစွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်၍ ကော်မရှင်က အလေးအနက်ထား၍ တရား မျှတစွာ စုံစမ်းစစ်ဆေးရာ၌ လူမျိုးတုံးအောင် သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ်ချုပ်ခြယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီ လူဦးရေ၊ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွားများပြား နေခြင်း တို့က သက်သေပြလျက်ရှိပါသည်။

၁၁။ ထို့အပြင် ဘင်္ဂါလီကျေးရွာများ၌ အဓမ္မပြုကျင့်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ၊ မီးရှို့မှုများ ကျူးလွန်လျက်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို ကော်မရှင်က အလေးထား စုံစမ်းစစ်ဆေးခဲ့ပါသည်။ ထိုကျေးရွာများ၌ တာဝန်ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့၏ တာဝန်ရှိသူများကလည်း ယင်းပြစ်မှု ကျူးလွန်မှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဖော်ထုတ်မှု၊ တရားဝင်တိုင်ကြားမှု၊ သက်သေခိုင်လုံမှုတို့အပေါ် မူတည်၍ ဥပဒေအရ ထိရောက်စွာ အရေးယူရန် အသင့်ရှိပါကြောင်း တင်ပြကြပါသည်။ အမျိုးသမီးများကို အဓမ္မပြု ကျင့်မှုရှိကြောင်း သတင်းဖြစ်ပေါ်နေခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်က ဒေသခံရွာသားများနှင့် အမျိုးသမီးများကို နည်းလမ်းအမျိုးမျိုးဖြင့် တွေ့ဆုံ ဆွေးနွေး မေးမြန်းခဲ့ရာတွင် ယနေ့အချိန်ထိ အရေးယူမှုများ ဆက်လက် ဆောင်ရွက် နိုင်လောက်သည့် အထောက်အထားနှင့် သက်သေ ခံချက်များ ရရှိမှု မရှိသေး ပါကြောင်းနှင့် နေအိမ်မီးရှို့မှုများနှင့် စပ်လျဉ်း၍ တိကျသော သက်သေအထောက်အထား ရရှိရေးအတွက် ဆက်လက် စုံစမ်း စစ်ဆေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ဥပဒေမဲ့ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ကိုလည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးမှုအခြေအနေ

၁၂။ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက် သူများနှင့် သတင်းပေး သည်ဟု သံသယရှိသူများကို ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက် ရှိရာ မောင်တောဒေသရှိ ကျေးလက်များတွင် အကြမ်းဖက်သမားများ ဝင်ထွက် သွားလာလျက်ရှိသဖြင့် ရပ်ရွာဒေသ တည်ငြိမ်အေးချမ်း ရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိပါသည်။ ရဲစခန်းများမှ ယူဆောင်သွားသော လက်နက် များသည် ယခုအထိ ၎င်းတို့၏လက်ဝယ်၌ ရှိနေသည့်အပြင် လက်လုပ်မိုင်းများကိုလည်း သိုဝှက်ထားရာမှ သိမ်းဆည်း ရမိခြင်းများ ရှိနေရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ခြိမ်းခြောက်မှုများ ဖြစ်လျက်ရှိသည်ဟု သုံးသပ်ရပါသည်။ ရပ်ရွာတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ ဒေသအတွင်းရှိ ပြည်သူအား လုံး စိတ်ချလုံခြုံစွာ နေထိုင် သွားလာနိုင်ရေးအတွက် အချိန်ယူ ဖော်ဆောင်ရမည့် အခြေအနေ ရှိပါကြောင်း တွေ့ရှိ ရပါသည်။

၁၃။ လူမှုစီးပွားရေးဘဝ မြှင့်တင်ရေး၊ ဝင်ငွေတိုးတက်ရရှိရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြောင့်ဖြူးရေး တို့မှာ အချိန်ယူ၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဖြစ်ပါသည်။ လောလောဆယ် အခြေအနေ၌ ပြည်သူအများ စု၏ စီးပွားရေး အဆင့်အတန်းမှာ နိမ့်ကျလျက်ရှိပြီး ပြည်နယ် တစ်ခုလုံးအနေဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေသော်လည်း ဒေသအခြေအနေအရ လယ်ယာလုပ်ငန်းနှင့်ရေလုပ်ငန်းတို့၏ အခြေအနေပေးမှုများ ကြောင့် အလွန်အကျွံ အဟာရ ချို့တဲ့မှုများ ဖြစ်ပေါ်နေသည်ကို မတွေ့ရှိရပါ။

၁၄။ ဤကော်မရှင်အနေဖြင့်မူ ဒေသအတွင်း ဈေးရောင်း ဈေးဝယ် လုပ်ငန်းများ အဆင်ပြေရေးအတွက် ကျေးရွာဈေးများအားလုံး ဖွင့်လှစ်နိုင်ရေးကိုလည်းကောင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေးကိုလည်းကောင်း၊ လူသား ချင်းစာနာထောက်ထားသည့် အကူအညီများကို ဒေသခံကျေးရွာသားများထံသို့ အရောက် ပေးပို့နိုင်ရန်လည်းကောင်း၊ သတင်းမီဒီယာသမားများ လွတ်လပ်စွာ သတင်းရယူနိုင်ရေး အတွက် ခွင့်ပြုဆောင်ရွက်နိုင်ရန်လည်းကောင်း၊ သွားလာရေး အဆင်ပြေစေရန်လည်း ကောင်း အစီရင်ခံသည့်ကာလအတွင်း ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ ယခုအခါ မောင်တောဒေသ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင် သည့်အပြင် ကျေးရွာ ဈေးပေါင်း ၂၆ ခု၊ စည်ပင်ဈေး နှစ်ခုရှိရာ ယင်းဈေးများအားလုံး ဖွင့်လှစ်ရောင်းဝယ်နေပြီ ဖြစ်ပါသည်။ စာသင်ကျောင်း ၁၈၃ ကျောင်း ရှိသည့်အနက် ၁၇၁ ကျောင်း ဖွင့်လှစ် ပညာသင်ကြားလျက် ရှိပြီဖြစ်ပါသည်။

၁၅။ အကြမ်းဖက်ဖြစ်စဉ်နှင့်ပတ်သက်သော ပြစ်မှုများတွင် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပေါ် ပေါက်ခြင်းမရှိသည့် ဖမ်းဆီးထိန်းသိမ်းထားသူ ၁၀ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ အရ ပြန်လွှတ် ခဲ့ပါသည်။ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် နေသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းချက်များအရ တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှု ဖြင့် အရေးယူထားသည့်အနက် အမှုပေါင်း ၂၈ မှု ကို တရားစွဲဆို တင်ပို့နိုင်ခဲ့ပါသည်။ တရားစွဲဆို တင်ပို့ ခဲ့သောအမှုများအနက် အမှု သုံး မှု ပြီးပြတ်ခဲ့ပါသည်။

နိဂုံး

၁၆။ ကော်မရှင်အနေဖြင့် မောင်တောဒေသဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပဋိပက္ခဖြစ်စဉ်တို့၏ သဘောသဘာဝအရ ဥပဒေနှင့်မညီသော ပြုလုပ်မှုများ ပါရှိလာနိုင်သည့် အခြေအနေ များကိုလည်းကောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကောလဟလ သတင်းများ ဖြစ်ပေါ်လာ နိုင်သည့် အခြေအနေများ ကိုလည်းကောင်း အစဉ်သတိပြုလျက် သတင်းများကို အလေးထား စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်

Loading