သတင်း

ကွတ်ခိုင်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ရွာသားများကို ရွှေ့ပြောင်းခိုင်း

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ပိုင် ကောင်းလိုင်ကျေးရွာအုပ်စုမှ ဒေသခံများကို အစိုးရ တပ်မတော် စစ်ကြောင်းက ရွှေ့ပြောင်းခိုင်းမှုကြောင့် ဒေသခံများလည်း ကြောက်လန့်တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

ကောင်းလိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာမှ ဒေသခံများသည် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ပြီး မိမိတို့နေအိမ်များကို စွန့်ခွာ၍ ကွတ်ခိုင်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ၌ တည်းခိုနေထိုင်ကြကြောင်းနှင့် လက်ရှိတွင်လူဦးရေ ၁၀၀ ကျော် ရှိနေကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဧရာဝတီကို ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မမိုင်းမိုင်က “အုပ်ချုပ်ရေးပိုင်းက ပြောင်းခိုင်းတာမျိုး မဟုတ်ဘဲ စစ်ကြောင်းမှူးက အတင်း ပြောင်းခိုင်းတာပေါ့။ အဲဒီရွာတွေမှာ စစ်ပွဲတွေ ဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် စစ်ကြောင်းတွေ သွားလာ လှုပ်ရှားနေတာတွေ ရှိတယ်။ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့တော့ ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေး လာကြတာ” ဟု ဆိုသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ကြီးမားသည့်တိုက်ပွဲများ မရှိသော်လည်း နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် အနီးဝန်းကျင်မှ ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။

ရွာသားများကို ရွှေ့ပြောင်းခိုင်းသည့်နယ်မြေ၌ အစိုးရတပ်မတော် စစ်ကြောင်းများအပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA )၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) တပ်ဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ၏ အခြေစိုက် လှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။

ထို့အတူ ကွတ်ခိုင်မြို့နယ် ဖားငေါ့ကျေးရွာသားများလည်း မိမိတို့ကျေးရွာကို စွန့်ခွာ၍ တခြားကျေးရွာများတွင် လာရောက်ခိုလှုံနေကြရာ၌ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် မွေးကင်းစ ကလေးငယ်များလည်း ပါဝင်ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအတွက် နေရာထိုင်ခင်း အခက်အခဲရှိနေကြောင်း မမိုင်းမိုင်က ဆက်ပြောသည်။

“မွေးကင်းစ ကလေးအမေ ၄ ယောက်ပါတယ်။ သူတို့တွေက နေထိုင်စရာ အခက်အခဲရှိနေတော့ မြေကြီးပေါ်မှာပဲ လောလောဆယ် အိပ်နေကြရတယ်။ အရေးပေါ် လိုအပ်နေတဲ့ မိခင်နဲ့ကလေးတွေအတွက် စောင့်ရှောက်မှု လိုအပ် နေတယ်” ဟု မမိုင်းမိုင်းက ဆိုသည်။

ဖာငေါ့ကျေးရွာသည် ကွတ်ခိုင်-မူဆယ်လမ်းအနီးတွင် တည်ရှိကြောင်း၊ ရွာခံများသည် မိမိတို့နေအိမ်များမှ စွန့်ခွာထွက် ပြေး နေ ရသည့်အတွက် မွေးမြူထားသည့် ကျွဲ၊ နွားစသည့် အိမ်မွေးတိရစ္ဆာန်များကို ဆုံးရှုံးနေရကြောင်း၊ လက်ရှိတွင် စားဝတ်နေရေးအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်ထဲမှ ထွက်ပြေးနေရသည့် ဒုက္ခသည်အများစုသည် စပါးရိတ်သိမ်းပြီးစ လယ်ကွင်းများထဲ၌ တဲထိုးပြီး နေထိုင်ရသည့်အတွက် ရေရှည်တွင် ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း ရှမ်းမြောက်နှင့် ကချင်လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှု ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က ဧရာဝတီကို ပြောသည်။

“အဓိကတော့ ထွက်ပြေးလာတဲ့အထဲမှာ ကျောင်းနေတဲ့ ကလေးတွေ အများကြီး ရှိနေတယ်၊ ဒီကလေးတွေရဲ့ ပညာသင်ကြားရေးကို အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်။ ကွတ်ခိုင်မြို့ထဲက တချို့ကလေးတွေ အတွက်တော့ ပညာသင်ကြားရေး စီစဉ်ပေးထားတာတွေ့တယ်” ဟု ဦးဂွမ်ရှာအောင်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင်ဖြစ်ပွားခဲ့သာ တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည် ဦးရေသည် ၂ သောင်းကျော်ရှိကြောင်း၊အများစုမှာ မိမိတို့နေရပ်များသို့ ပြန်နိုင်ကြပြီ ဖြစ်ကြောင်း ဦးဂွမ်ရှာအောင် က ပြောသည်။

၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည်များသည် ကွတ်ခိုင်မြို့နယ် အပြင် ကျောက်မဲ၊ သီပေါမြို့နယ်တို့လည်း ရှိနေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူများက ပြောသည်။

သီပေါမြို့နယ်တွင်လည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒုက္ခသည် ၁,၆၀၀ ကျော်သည် မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၌ တည်းခိုနေထိုင်နေရသည်။ ထို့အတူ နမ့်ဆမ်၊ နမ္မတူ၊ ကျောက်မဲမြို့နယ်များတွင်လည်း ဒုက္ခသည်များ ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ကျောက်မဲ၊ နမ့်ဆမ် မြို့နယ်တို့တွင်လည်း ဇန်နဝါရီလ ၂ ရက်နေ့က TNLA  နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အစိုးရ တပ်မတော်မှ ၄ ဦး ကျဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading