ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း
အသက် ၂ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကလေးသူငယ် ၁၀၁ ဦး အဓမ္မပြုကျင့် ခံခဲ့ရကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။
“သက်ငယ်မုဒိန်းတွေမှာဆိုရင် ဖခင်အရင်းက မုဒိန်းကျင့်တာရှိတယ်။ ပထွေးတို့ ဆွေမျိုးသားချင်းတွေကလည်း ကျင့်တာရှိတာပေါ့။ အဓိကက ကလေးကို အိမ်နီးချင်းနဲ့ အပ်ခဲ့တာတို့၊ ဆွေမျိုးနဲ့ ထည့်ပေးလိုက်တာတို့မှာ အဖြစ်များတယ်။ မြို့နဲ့တောဆိုရင် သက်ငယ်မုဒိန်းမှုက တောမှာဖြစ်တာ ပိုများပါတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီသို့ ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးသူငယ်များတွင် အသက် ၂ နှစ်မှ ၅ နှစ်အရွယ် ၄ ဦး၊ အသက် ၆ နှစ် မှ ၁၀ နှစ်အရွယ် ၁၅ ဦး၊ အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ် ၃၆ ဦးနှင့် အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ် ၄၆ ဦး ရှိရာ စုစုပေါင်း ၁၀၁ ဦး ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးစာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိန်းမှု ၁၀၁ မှု ဖြစ်ပွားခဲ့သည့်အတွက်၂၀၁၅ ခုနှစ်ထက် ၃၈ မှု တိုးလာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့သည်။ ကလေးသူငယ် အဓမ္မပြုကျင့်မှု ၁၀၁ မှုအနက် တောရပ်ဒေသတွင် ၉၅ မှု ဖြစ်ပွားခဲ့ပြီး မြို့ပေါ်တွင် ၆ မှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ချိန်မှာ နေ့ဘက်တွင် ၄၉ မှုဖြစ်ပွားခဲ့ပြီး ညအချိန်တွင် ၅၂ မှု ဖြစ်ပွားခဲ့သည်။
ဒုရဲမှူးကြီး ခင်မောင်လတ်က “ဒီနှစ်မှာ သက်ငယ်မုဒိန်းမှုအရေအတွက် တိုးတက်လာတယ်ဆိုတာက ကလေး သူငယ် အသက် ကန့်သတ်ချက်ကို ၁၆ နှစ်အထိ တိုးလိုက်တဲ့အခါမှာ အမှုအရေအတွက် ပိုတိုးလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အနေနီးခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊ အဖော်မဲ့ခြင်း၊ အခွင့်အရေး ရခြင်းနှင့် ဖြားယောင်း သွေးဆောင်ခြင်း တို့ကြောင့် ကလေးသူငယ် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
အဓမ္မပြုကျင့်သူ တရားခံ ၁၀၂ ဦးတွင် သံဃာ ၂ ပါး ပါဝင်ပြီး ကျန်တရားခံများမှာ အရပ်သားများ ဖြစ်သည်။
အမှု ၁၀၁ မှုတွင် ဖခင်အရင်းက ပြုကျင့်မှု ၄ မှု၊ ပထွေး (မိခင်ဖြစ်သူ၏နောက်ယောက်ျား) က ပြုကျင့်မှု ၅ မှု၊
ဆွေမျိုးသားချင်းက ပြုကျင့်မှု ၁၀ မှုနှင့် အခြားပြုကျင့်မှု ၈၃ မှု ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်များအား အဓမ္မပြုကျင့်မှု ကျူးလွန်သူအများစုမှာ အသက် ၁၈ နှစ်မှ အသက် ၅၀ ကြား အရွယ်ရှိ သူများဖြစ်ပြီး ၂၀၁၆ ခုနှစ်၏ သက်ငယ်မုဒိန်းတရားခံ ၁၀၂ ဦးတွင် အဆိုပါ အသက်အရွယ်ရှိသူ ၈၇ ဦး အထိ ပါဝင်နေသည်။ ကျန်အသက်အရွယ်များမှာ အသက် ၁၆ နှစ်အောက် ၈ ဦး၊ အသက် ၅၀ ကျော်အရွယ် ၅ ဦးနှင့် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား လူငယ် ၂ ဦးဖြစ်ကြောင်း သိရသည်။
ခရိုင်အလိုက်ဆိုပါက ၂၀၁၆ ခုနှစ်အတွင်း ဖျာပုံခရိုင်တွင် သက်ငယ်မုဒိန်းမှု ၂၆ မှု ဖြစ်ပွားခဲ့သည့်အတွက် တတိုင်းလုံးတွင် အများဆုံးဖြစ်ပြီး ပုသိမ်ခရိုင်က ၂၃ မှုဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ မအူပင်ခရိုင်တွင်
၁၆ မှု၊ ဟင်္သာတခရိုင် ၁၅ မှု၊ မြောင်းမြခရိုင် ၁၃ မှုနှင့် လပွတ္တာခရိုင်တွင် ၈ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သက်ငယ်မုဒိန်းမှုတွေ လျော့ပါးဖို့ဆိုရင် မိဘ၊ အုပ်ထိန်းသူတွေကို ပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ကလေးတွေကို ကျူရှင်ပို့တာ၊ ကျောင်းအကြိုအပို့တွေမှာ သူစိမ်းဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းဖြစ်ဖြစ် လုပ်ခိုင်းတာတွေကအစ သတိထားသင့်ပါတယ်။ ယုံကြည်မှုလွန်ကဲတာ၊ ပေါ့လျော့တာတွေကြောင့် ကိုယ့်ကလေး တခုခုဖြစ်သွားရင် ဘာမှမသိသေးတဲ့ အပြစ်ကင်းစင်တဲ့ ကလေးငယ်တွေအတွက် အရမ်း နစ်နာပါတယ်”ဟု အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်များကို လိုက်လံကူညီပေးနေသော ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့အခြေစိုက် ရောင်နီဦး လူမှုဖွံ့ဖြိုးရေး အမျိုးသမီးအဖွဲ့ တာဝန်ခံ ဒေါ်ခင်မိုးအေးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိန်းမှုအပါအဝင် မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ပညာပေးလှုံ့ဆော် ဟောပြောမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။