ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အယူအဆကို ထူထောင်၍ ယင်းသဘောတရားများကို ဆက်လက် ကျင့်သုံးနေသည့် မိုးပြာဂိုဏ်း အနေဖြင့် ဗုဒ္ဓဘာသာ အမည်မခံသင့်ကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ မိုးပြာဂိုဏ်းလို့ မသုံးနဲ့ပေါ့။ ဗုဒ္ဓဘာသာ ပါပြီဆိုကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာပဲ။ ပစ္စုပ္ပန် ကမ္မဝါဒ ဦးဉာ ဏဂိုဏ်း ဆိုပြီး လုပ်လိုက်ပါလား။ ဗုဒ္ဓဘာသာ အမည်ခံရင် ဗုဒ္ဓဘာသာမှာက မြောက်ပိုင်း ဗုဒ္ဓဘာသာနဲ့ တောင်ပိုင်း ဗုဒ္ဓဘာသာ ထေရ ဝါဒ ၂ မျိုးပဲ ရှိတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ဂိုဏ်းကြီး ၉ ဂိုဏ်းပဲ တရားဝင် ရှိတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
မိုးပြာဂိုဏ်း တည်ထောင်သူ အရှင်ဉာဏက ၎င်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်အဖြစ်က နုတ်ထွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ နိုင်ငံတော် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်က ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရန် တာဝန်မရှိဟု အစိုးရထံသို့ အကြောင်းကြားလာကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓဘာသာတွင် ဂိုဏ်းကြီး ၉ ဂိုဏ်းက လွဲ၍ တခြား ဂိုဏ်းခွဲ မရှိစေရဟု ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဆုံးဖြတ်ပြီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သည့် ၁၉၇၄ အခြေခံ ဥပဒေ၊ ၂၀၀၈ အခြေခံ ဥပဒေတို့တွင် လည်း တရားဝင် ပြဋ္ဌာန်းထားပြီး ဖြစ်သဖြင့် ပစ္စုပ္မန် ကမ္မဝါဒ ဗုဒ္ဓဘာသာ မိုးပြာဂိုဏ်းဟူ၍ ထေရဝါဒ ဂိုဏ်းခွဲတခု တိုးလာခြင်းသည် အခြေခံ ဥပဒေနှင့် မကိုက်ညီကြောင်း ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနက ပြောသည်။
၅ ပါးသီလတွင် သူများအသက်ကို မသတ်ခိုင်းသော်လည်း မိုးပြာဂိုဏ်းက လူလူချင်းသတ်မှ အပြစ်ရှိသည်ဟု ဟောပြောခြင်း၊ သူများ သားပျို၊ သမီးပျို သားမယားကို ပြစ်မှားပါက အပြစ်ရှိသော်လည်း ၎င်းတို့က အလိုတူရင် အပြစ်မရှိဟု ဟောပြောခြင်း၊ ဗုဒ္ဓဘာသာက အရက်သေစာ သောက်စားခြင်းကို ခွင့်မပြုသော်လည်း ၎င်းတို့က သောက်ပြီး မရမ်းကားပါက ပြစ်မှု ကျူးလွန်မှု မရှိဟု ဟောပြောခြင်း သည် ဗုဒ္ဓဘာသာ အယူအဆများနှင့် မကိုက်ညီကြောင်း သူရဦးအောင်ကိုက ပြောသည်။
(ယင်းကဲ့သို့ ဝန်ကြီး၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ဦးဉာဏဖြေရှင်းချက်ကို ဧရာဝတီက မကြာမီ ရုပ်သံမေးမြန်းချက် တင်ပြပါမည်။)
“ပြောရရင် ထေရဝါဒ ဗုဒ္ဓဘာသာကို အတွင်းဝင်ပြီးတော့မှ ဖျက်ဆီးတဲ့သဘော ဖြစ်နေတယ်။ သူ့(မိုးပြာဂိုဏ်း)ကို သွားပြီး လက်ခံလိုက် ရင် နှစ်ပေါင်း ၂၆၀၀ လောက် ထိန်းသိမ်းလာခဲ့တဲ့ ဗုဒ္ဓသာသနာဟာ ပျက်စီးသွားမှာ သေချာတယ်။ အဲဒီထဲမှာ ထပ်ပြီးတော့ ဂိုဏ်းတွေ၊ လူအုပ်စု အလွဲှအပြောင်းတွေ ဖြစ်လာမယ်။ အဲဒီကနေတဆင့် မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြေခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ဗုဒ္ဓဘာသာ အမည်ခံထားသမျှ ပစ္စုပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ မိုးပြာဂိုဏ်းဆိုပြီး ဗုဒ္ဓဘာသာ ပါနေသမျှတော့ သံဃာ အဖွဲ့အစည်း အဆင့် ဆင့်က နေပြီးတော့ ဝိနည်း၊ ဓမ္မကံနဲ့ပတ်သက်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အညီ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
အစိုးရက မိုးပြာဂိုဏ်းကို တရားစွဲမည် ဆိုခြင်းမှာ ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပြီး တရားမမှု ဖြစ်နေသောကြောင့် အမှန်တကယ် တရား စွဲဆိုနိုင်ရန်မှာ အဆင့်များစွာ ဖြတ်ကျော်မည့်အပြင် ဥပဒေအရ တရားစွဲဆိုနိုင်ရန်မှာ သက်သေ အထောက်အထားများစွာ လိုအပ်၍ လက်တွေ့တွင် ဖြစ်နိုင်မည် မထင်ကြောင်း ယင်းဂိုဏ်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဝင်းက ဧရာဝတီသို့ ပြောသည်။
“ဗုဒ္ဓဘာသာကိုလည်း မဖြုတ်နိုင်ဘူးလို့ ဆုံးဖြတ်ထားတယ်။ တရားစွဲမယ်ဆိုတာကို စာနဲ့ပေနဲ့လည်း ပြောထားတော့ မလုပ်ဘူးပေါ့။ မလုပ်ဘူး။ မလုပ်ကြနဲ့လို့ ပြောထားတယ်။ သာဝက အဖွဲ့အချင်းချင်းတော့ ဆက်သွယ်ခြင်း၊ ပြောဆိုခြင်း၊ တီးတိုး ဝါဒ ဖြန့်ခြင်း၊ တွေ့ဆုံခြင်း၊ တရားခွေ၊ အသံဖိုင်များ ဆက်သွယ်ပေးပို့ခြင်းတွေကို နဂိုအတိုင်းပဲ မပျက် လုပ်နေပါတယ်”ဟု ဦးနေဝင်းက ပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် လူထုကြားသို့ ဆင်း၍ စည်းရုံးပြောဆိုခြင်း မရှိသေးသော်လည်း မိုးပြာဂိုဏ်းကိစ္စကို ကြားသိသူများက လေ့လာ စူးစမ်း၍ ဝင်ရောက်လာသူ သာဝက အသစ်များမှာ တိုးပွားလာကြောင်း၊ မြင်းခြံမြို့နယ်မှ လူ ၁၃၀ ခန့် မိုးပြာဂိုဏ်းသို့ ဝင်ရောက်မှုမှာ အသိသာဆုံး ကိစ္စတခု ဖြစ်ကြောင်း မိုးပြာဂိုဏ်းက ပြောသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မိုးပြာဂိုဏ်း၏ သာဝကများ ကိုယ်စား ဦးနေဝင်းဆိုသူက ၎င်းတို့ ယခင်က ကိုးကွယ်ဆည်းကပ် ထုတ်ဝေဖြန့်ချိနေသော ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ စာအုပ်များ၊ CD ခွေများနှင့် တရားဓမ္မ ဟောပြော ဆွေးနွေး ခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တခု ထည့်သွင်းခဲ့သည်။
ထို့ကြောင့် ထိုကြေညာချက်ကို ကန့်ကွက်ကြောင်း မန္တလေးတိုင်း သာသနာရေး ဦးစီးမှူးက ကြေညာချက်တစောင်ကို ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်လည် ထည့်သွင်းခဲ့ပြီးနောက် ဦးနေဝင်းကိုလည်း ခေါ်ယူတွေ့ဆုံ၍ ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် လက်မှတ်ရေးထိုး ခိုင်းခဲ့သော်လည်း မိုးပြာဂိုဏ်းက ငြင်းဆန်ခဲ့ကြောင်း သိရသည်။