Ethnic Issues

မုံးကိုးက ပျောက်ဆုံးနေသော သင်းထောက်ဆရာ ၂ ဦး အတွက် အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲသတင်းလာယူသည့် သတင်းထောက်များကို မြို့တွင်း လိုက် လံ ပြသ ကူညီပေးခဲ့ပြီးနောက် ပျောက်ဆုံးသွားသည့် ကချင်သင်းထောက် ဆရာ ၂ ဦးကို ယနေ့အထိ ပြန်လည် မတွေ့ ရှိသေးသဖြင့် မိသားစုဝင်များက မုံးကိုးရဲစခန်းတွင် လူပျောက် တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့် ဆရာ၂ဦးကိစ္စကို မိသားစုနှင့်အတူ လိုက်လံစုံစမ်းနေသည့် ကချင်နှစ်ခြင်း အသင်းတော်မှ သင်းထောက်ဆရာ တဦးဖြစ်သည့် ဦးဇောင်ရာက “အမှုက မိသားစုကနေ မနေ့က (ဇန်နဝါရီလ၄ ရက်) ဖွင့်ထား လိုက်တာ ပါ။ လူပျောက်ပုံစံနဲ့ တိုင်ထားလိုက်တာပါ”ဟု ပြောသည်။

ပျောက်ဆုံးနေသည့် ကချင်သင်းထောက်ဆရာ ၂ဦးမှာ ဦးဒွယ်ဒေါ့နောင်လတ်နှင့် ဦးဂမ်ဆိုင်းတို့ ဖြစ်သည်။

ဦးဂမ်ဆိုင်း (ဓာတ်ပုံ – ဦးဂမ်ဆိုင်း ဖေ့စ်ဘုတ်)

ထို ၂ ဦးသည် မုံးကိုးမြို့အတွင်းသို့ တိုက်ပွဲနောက်ဆက်တွဲ သတင်းများယူရန် ရောက်လာသည့် DVB သတင်း ဌာန၊ ကုမုဒြာ သတင်းဌာန နှင့် ဧရာဝတီ သတင်းဌာနတို့၏ သတင်းထောက်များ မြေပြင်ကွင်းဆင်း ယူရာတွင် မြို့အနှံ့ လိုက် လံပြသပြီး တိုက်ပွဲအခြေအနေ၊ ဒေသ အခြေအနေ၊ ဒေသခံတို့ အကြောင်းကို လိုက်လံ ရှင်းပြခဲ့သူများ ဖြစ်သည်။

ပျောက်ဆုံးသွားသူ ၂ ဦးသည် မုံးကိုးမြို့ဒေသခံများ ဖြစ်ပြီး ဦးဒွယ်ဒေါ့နောင်လတ်မှာ ရပ်မိရပ်ဖဖြစ်သည့်အပြင် မုံးကိုး မြို့ နှစ်ခြင်း အသင်းတော်၏ ဥက္ကဋ္ဌ လည်း ဖြစ်ကြောင်း၊ ဦးဂမ်ဆိုင်းသည်လည်း သင်းထောက်ဆရာ တဦး ဖြစ်ပြီး ဒေသ အရေး ကူညီဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။

ဦးဇောင်ရာက “သူတို့က ရန်သူမရှိပါဘူး။ အားလုံးနဲ့ ပြေလည်တယ်။ တိုက်ပွဲမဖြစ်ခင်ကဆို တပ်တွေနဲ့ရော ကောက် သစ် စားပွဲ လုပ်နေကြတာ အားလုံး ပျော်ပျော်ရွှင်ရွှင်ပဲ။ သူတို့ ပျောက်သွားတော့ ကျနော်လည်း အံ့သြနေတယ်”ဟု ပြောသည်။

လူပျောက်မှုနှင့် ပတ်သက်၍ ဧရာဝတီက မုံးကိုး ရဲစခန်းကို ဆက်သွယ်ရာ တာဝန်ခံက အစည်းအဝေး ထိုင်နေသဖြင့် မှတ်ချက် တစုံတရာ မရရှိပါ။

ဦးဒွယ်ဒေါ့နောင်လတ် (ဓာတ်ပုံ – ဦးဒွယ်ဒေါ့နောင်လတ် ဖေ့စ်ဘုတ်)

သင်းထောက် ဆရာ ၂ ဦးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က စ၍ နေအိမ်မှ ပျောက်ဆုံးသွားကြခြင်း ဖြစ်သည်။

သင်းထောက်ဆရာ ၂ဦး ပျောက်ဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံတချို့က တပ်မတော်၏ စခန်းအနီးတွင် တွေ့ရှိကြောင်း ပြောဆိုသူများ ရှိသည့်အပြင် တပ်မတော်က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ကောလာဟလ ပြောဆိုမှု များလည်း ရှိခဲ့သည်။

ဇန်နဝါရီလ ၄ ရက် ညနေပိုင်း ကလည်း သင်းထောက်ဆရာ ၂ဦးဟု ယူဆရသည့် အလောင်း ၂လောင်းကို အိမ်သာ ကျင်း အတွင်း တွေ့ရှိကြောင်း သတင်းများထွက်ခဲ့ပြီး ကချင်နှစ်ခြင်း အသင်းတော်မှ ဆရာများ၊ ကချင် အရပ်ဘက် အဖွဲ့အစည်းများက ဆက်လက်စုံစမ်းရာ သတင်းမှားယွင်းနေကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသည့် သင်ထောက်ဆရာ ၂ဦးနှင့် ရင်းနှီးသည့် ဒေသခံတဦးကလည်း “ဆရာ ၂ယောက် ပျောက်တဲ့ ကိစ္စ မှာ ကောလာဟလတွေ ထွက်နေတော့ ကျမတို့လည်း ကြောက်တယ်။ အခု အခြေအနေက ဘာမှန်းမသိတော့ တခုခု စစ်တာ မေးတာ ဖြစ်လာမှာ စိုးလို့ သူတို့အကြောင်း မဖြေရဲဘူး”ဟု ပြောသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မမိုင်းမိုင်ကလည်း သင်းထောက်ဆရာ ၂ဦး ကိစ္စကို အဖြစ်မှန် သိရရန် ဆက်လက် စုံစမ်း နေဆဲ ဖြစ်သည်ဟု ပြောသည်။

၎င်းတို့ ၂ ဦး ပျောက်ဆုံးစဉ်က မိသားစုဝင်များနှင့် ကချင်နှစ်ခြင်း အသင်းတော်မှ ဆရာများသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး ထံ အကြောင်းကြားပြီး မြို့အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

မုံးကိုးမြို့နယ် ၊ အုပ်ချုပ်ရေးမှူး ဦးငွေဌေးကမူ သင်းထောက်ဆရာ ၂ဦး ပျောက်ဆုံးသည့် ကိစ္စကို မသိရှိကြောင်း၊ ၎င်းထံသို့လည်း လာရောက်တိုင်ကြားခြင်း မရှိကြောင်း ဧရာဝတီကို ဒီဇင်ဘာလ ၂၆ ရက်က ပြောဆိုထားသည်။

ပျောက်ဆုံးချိန်တွင် ရဲစခန်းသို့ ချက်ချင်း မတိုင်ကြားရခြင်းသည် တိုက်ပွဲများ ဖြစ်ပွားထားသဖြင့် မုံးကိုးမြို့နယ်အတွင်း ရဲစခန်းသည် အတည်တကျ မဖြစ်သေးခြင်းကြောင့် ဇန်နဝါရီလ ၄ ရက် နေ့ရောက်မှသာ တိုင်ကြားနိုင်ခြင်း ဖြစ်သည် ဟု လည်း ဦးဇောင်ရာက ပြောသည်။

လက်ရှိတွင် မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း အပြီးသတ် စစ်ရပ်စဲကြောင်း ကြေညာ ထားခြင်း မဟုတ်သဖြင့် ဒေသခံများက စိုးရိမ်နေကြဆဲ ဖြစ်သည်ဟု သိရသည်။

ဦးဇောင်ရာကလည်း “တိုက်ပွဲတွေ အသံမကြားဘူး။ လုံခြုံရေးကတော့ တော်တော်လေး တင်းကျပ်ပုံရတယ်။ သွားရ လာရ အကုန်လုံးက စစ်သားတွေ သိပ်များနေတော့ စိတ်ထဲတမျိုးပဲ။ ဘယ်အချိန်များ သေနတ်သံ ကြားရမလဲ စိတ် တထင့်ထင့်နဲ့ သွားလာနေရတာပဲ”ဟုလည်း ပြောသည်။

တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် တပ်မတော်တို့သည် မုံးကိုးဒေသ အတွင်း နိုဝင်ဘာလ ၂၀ ရက်မှ စ၍ တိုက်ပွဲ များ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သား ၄၀ ကျော်သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူလည်း အများ အပြား ရှိခဲ့သည်။

ဒေသခံတို့၏ နေအိမ်များသည် တိုက်ပွဲအကြား လက်နက်ကြီး ထိမှန်ခြင်း၊ ဗုံးပေါက်ကွဲခြင်း တို့ကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး အိမ်တွင်း ပစ္စည်းများလည်း ပျက်စီးပျောက်ဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အထက်တန်းကျောင်း ၁ ကျောင်း နှင့် ကက်သလစ်သာနာပြု ဘုရားကျောင်း ၁ ကျောင်းလည်း လက်နက်ကြီး ထိမှန်ခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများ အရှိန်လျော့ကျသွားပြီး မုံးကိုးမြို့နယ်အတွင်း ဒေသခံများ ပြန်လည်နေထိုင်ခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် အခြားမြို့နယ်များတွင် တပ်မတော်နှင့် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading