ကျိုက်ထိုမြို့၊ ကင်ပွန်းချောင်းကျေးရွာရှိ သရုပ်ဆောင် လွင်မိုး ပိုင်ဆိုင်သည်ဆိုသော လယ်ယာမြေနှင့် ပတ်သက်ပြီး ပိုင်ရှင်အစစ်မှာ မိမိသာဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ ဗိုလ်မှူး စောနေဗလုက ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပသော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါ ပွဲသို့ ဗိုလ်မှူး စောနေဗလု အပြင် သရုပ်ဆောင် လွင်မိုးနှင့် BGF တို့က ပူးပေါင်း ဖမ်းဆီးခြင်း ခံခဲ့ရပါသည်ဆိုသော လူ ၃ ဦးတို့ တက်ရောက် ရှင်းလင်းကြသည်။
ဗိုလ်မှူး စောနေဗလုက ၎င်းသည် ကင်ပွန်းချောင်း ကျေးရွာရှိ မြေနှစ်ဧကကို ၂၀ဝ၁ တွင် ပိုင်ရှင် ဦးအောင် (ခ) ဦးသန်းအောင်ထံမှ သိန်း ၂၀ဝ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ၂၀၁၆ အောက်တိုဘာလတွင် ယင်းမြေကွက်ကို သရုပ်ဆောင် လွင်မိုးက တခြားသူတဦးထံမှ ဝယ်ယူခဲ့သည်ဆိုကာ ခြံခတ်ခဲ့ကြောင်း၊ သရုပ်ဆောင် လွင်မိုးနှင့် BGF တို့ ပူးပေါင်းကာ ၎င်းအပါအဝင် ခြံစောင့် ၃ ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ယခင် မြေပိုင်ရှင် ဖြစ်သည်ဆိုသော ဦးအောင် (ခ) ဦးသန်းအောင်က ၎င်းသည် ယင်းမြေကွက်တွင် ၁၉၉၆ ကစ၍ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်း၊ ၂၀ဝ၁ တွင် ဗိုလ်မှူး စောနေဗလုကို သိန်း ၂၀ဝ ဖြင့် ရောင်းခဲ့ပြီး မိမိက ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ကြောင်း၊ ၂၀၁၆ အောက်တိုဘာတွင် မိမိကိုပါ လက်နက်ကိုင်ဆောင်သည်ဟု အကြောင်းပြချက်ဖြင့် BGF က ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ပြောသည်။
ထို့နောက် ဗိုလ်မှူး စောနေဗလုနှင့် ဦးအောင် (ခ) ဦးသန်းအောင်တို့ကလည်း မြေကွက် ပိုင်ဆိုင်ကြောင်း သက်သေ အထောက်အထားများကိုလည်း ပြသခဲ့ကြသည်။
ဦးလွင်မိုး၏ မိသားစု လုံခြုံရေးအတွက် စိုးရိမ်ပူပန်ရန် မလိုကြောင်းလည်း ဗိုလ်မှူး စောနေဗလုက ပြောသည်။
ကင်ပွန်းချောင်းကျေးရွာရှိ မြေဧက ၂ ဧကနှင့် ပတ်သက်ပြီး သရုပ်ဆောင် လွင်မိုးကလည်း ဇန်နဝါရီလ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ သရုပ်ဆောင် လွင်မိုးက ၎င်းသည် ဟိုတယ် ဆောက်လုပ်ရန် မြေပိုင်ရှင် ကိုကျော်သူရလှိုင် ဆိုသူထံမှ သိန်း ၃၉၅၀ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ မြေကွက်ကိစ္စတွင် မိမိဂုဏ်သိက္ခာ ထိပါးသည့်အတွက် ရှင်းလင်းပွဲ လုပ်ရကြောင်း ပြောဆိုခဲ့သည်။