ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အတွက် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ကန်လု ကျေးရွာမှ တောင်သူလယ်သမား ၂၁ ဦး ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အဖမ်းခံရသည့် လယ်သမား ၂၁ ဦးထဲတွင် အမျိုးသမီး ၁၆ ဦး အပါအဝင် ၆ လသား ကလေးငယ်တဦးလည်း ပါဝင်သည် ဟု လယ်သမားများက ပြောသည်။
လယ်သမားများ ပိုင်ဆိုင်ခဲ့ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) သိမ်းယူခဲ့သည်ဟုဆိုသော မြေပေါ်တွင် လွန်ခဲ့ သော တပတ်က ခြံစည်းရိုးခတ်ရန် ဆောင်ရွက်လာချိန်တွင် ၎င်းတို့ နှင့် အငြင်းပွားမှု ဖြစ်ခဲ့ပြီးနောက် အဆိုပါ လယ်သမား ၂၁ ဦးကို မြို့နယ်တရားရုံးက အမှုရင်ဆိုင်ရန် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
“လယ်သမားတွေကို အဖမ်းမခံရဘူး အမှုပဲရင်ဆိုင်ရမယ်လို့ သက်ဆိုင်ရာ ရဲအရာရှိတွေက ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကို တရားရုံးမှာ ဖမ်းဆီးလိုက်ပြီး ပိုင်နက်ကျူးလွန်မှု၊ ပိုင်ဆိုင်မှု ဖျက်ဆီးမှုတွေနဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီအမှုတွေက အာမခံ မရပါဘူး” ဟု မြေသိမ်းခံရသည့် လယ်သမားတဦး ဖြစ်သော ဦးနေအောင် ကပြောသည်။ “သူတို့ကို မန္တလေး အိုးဘိုထောင်ကို ချက်ချင်းပို့လိုက်ပါတယ်” ဟု သူက ထပ်ပြောသည်။
လယ်သမား ၂၄ ဦးပိုင်ဆိုင်သည့် မြေဧက ၇၀ ကျော်ကို ၂၀၀၁ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က သိမ်းယူခဲ့ပြီးနောက် သူတို့၏ သီးနှံများ အတွက် လယ်သမားများအနေဖြင့် လျော်ကြေး အနည်းငယ်မျှသာ ရရှိခဲ့ကြသည်ဟု ဆိုသည်။
စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ယခုအချိန်အထိ အသုံးမပြုသေးသည့် မြေဧက ၅၀ ခန့်တွင် သူတို့ကို သီးနှံစိုက်ပျိုးခွင့် ပြုခဲ့သည်ဟု လယ်သမားများက ပြောသည်။ နောက်ပိုင်းတွင် သြဂုတ်လမှ စတင်၍ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က သူတို့ သိမ်းယူခဲ့သည့် မြေကို ခြံစည်းရိုး ခတ်လာ ခဲ့ပြီး လွန်ခဲ့သောအပတ်က အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
“လယ်သမားတွေကို သိမ်းထားတဲ့မြေ အများစု ပြန်ပေးမယ်လို့ ကျနော်တို့ကြားခဲ့ရတဲ့ အတွက် ၂၀၁၅ ခုနှစ် အတွင်းက နေပြည်တော်ကို ကျနော်တို့ မြေတွေပြန်ရဖို့ အသနားခံစာ ပေးပို့ခဲ့ပါတယ်။ အဖြေကို စောင့်နေတုန်းမှာ ကျနော်တို့ ဒီလို အဖြစ်နဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ် ” ဟု ဦးနေအောင်က ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ၊ သိမ်းဆည်းခံမြေများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထံသို့ ပေးပို့ရန် ဖမ်းဆီးခံထား ရသည့် လယ်သမားများ အတွက် အသနားခံစာ ရေးသားနေကြောင်း လယ်သမားများက ပြောသည်။
ပြီးခဲ့သည့် လများအတွင်းတွင် ပိုင်နက်ကျူးလွန်မှု၊ ပိုင်ဆိုင်မှုဖျက်ဆီးမှုများ နှင့် တရားစွဲဆိုခံရသည့် မန္တလေးတိုင်းမှ လယ်သမားနှင့် တက်ကြွလှုပ်ရှားသူ ၂၉ ဦး ရှိသည်ဟု သိရသည်။
မြေသိမ်းခံရသည့် လယ်သမားများကို ကူညီပေးနေသည့် မန္တလေးမှ မြေယာ အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ဦးမျိုးဝင်း နှင့် ဦးတိုးကြီးတို့မှာလည်း အခြားသော မြေသိမ်းခံရသည့် လယ်သမား ၁၂ ဦးနှင့် အတူ မန္တလေးတွင် တရားရင် ဆိုင်နေရသည်။
သူတို့၏ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့် မြေသိမ်းခံ လယ်သမား ၁၀ ဦးကျော်မှာလည်း ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသည့် အတွက် တိမ်းရှောင်နေကြရသည်။