ရခိုင်ပြည်နယ် အရေးကိစ္စများကို အဖြေရှာသည့် နည်းလမ်းတခု အနေဖြင့် နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင် ခေါင်း ဆောင် သည့် အထူးသံတမန် အဖွဲ့တဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယခုလအတွင်း စေလွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
အထူးသံတမန်အဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများ လိုက်ပါမည် ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ နယ်စပ်များမှ ဝင် ရောက်လျက် ရှိသည့် ဘင်္ဂါလီများကိစ္စ၊ ၂ နိုင်ငံ နယ်စပ်ရေးရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်သူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။
“၂ နိုင်ငံကြားမှာ ဖြစ်နေတဲ့ နယ်စပ်ကိစ္စတွေ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အဓိက ဆွေးနွေးမှာပေါ့”ဟု ဒု ညွှန်ကြား ရေးမှူးချုပ်လည်း ဖြစ်သူ ဒေါ်အေးအေးစိုးက ပြောဆိုသည်။
ယင်းကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် ဇန်နဝါရီ ၁၁ ရက် သို့မဟုုတ် ၁၂ ရက်များတွင် သွားရောက် တွေ့ဆုံမည် ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး အေအိပ်ချ် မိုဟာမက်အာလီ၊ နိုင်ငံခြားရေး အတွင်းဝန် မက်ရှဟီဒူဟာကျု တို့နှင့်ပါအစည်းအဝေးများ ပြုလုပ်မည်ဟု Daily Star အွန်လိုင်း သတင်းတွင် ယနေ့ ဖော်ပြထားသည်။
မြန်မာ့တပ်မတော်၏ အကြမ်းဖက်မှု တန်ပြန် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှ လွတ်မြောက်ရန်အတွက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်းမှ မွတ်စလင် ၅ သောင်းကျော်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်ဟုလည်း Daily Star က ရေးသည်။
သမ္မတရုံး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“အထူးသံတမန်အဖြစ် သွားမှာ။ ၂ နိုင်ငံ ဆွေးနွေးညှိနှိုင်းရမှာ တွေ ပူးပေါင်း ဆောင်ရွက်ရမှာတွေ ရှိတယ်။ ပြီးရင်တော့ ပြန်လာမှပဲ သိရမယ်။ ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာနဲ့ သူတို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာနဲ့ ခရီးစဉ် မတိုင်မီ ညှိနေတာတွေ ရှိတယ်။ အကြောင်းအရာတွေကတော့ ကျယ် ပြန့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးရာတွင် ရခိုင်အရေး ကိစ္စလည်း တစိတ်တပိုင်း ပါဝင်မည် ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့ အကျော်တွင် အထူး သံတမန်အဖွဲ့ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်သည်ဟု သိရသည်။