ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း မန်ဝိန်းကြီးစစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် စားနပ် ရိက္ခာအခက်အခဲကြုံတွေ့နေရပြီး ဆန်ပြတ်လတ်မည့်အရေး ရင်ဆိုင်နေရကြောင်း မကြာသေးမီက သွားရောက် လှူဒါန်းခဲ့သည့် အဖြူရောင်တွဲလက်များအဖွဲ့က ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုများအတွင်း KIA သို့ ရိက္ခာများထောက်ပံ့နေသည်ဟု စွပ်စွဲမှုများထွက်ပေါ်ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်ကာ ရွှေလီတံတားဂိတ်တွင် ဆန်ပေးပို့ထောက်ပံ့မှုကို ပိတ်ထားခြင်းဖြစ်ကြောင်း သွားရောက်ခဲ့သူများက ပြောသည်။
အဖြူရောင်တွဲလက်များအဖွဲ့မှ စမ်းချောင်းဘိုဘိုက “ပိတ်ထားတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)ကလည်း ထောက်ပံ့လို့မရဘူး၊ အခု သင်းအုပ်ဆရာတဦးတည်းက ထောက်ပံ့နေတာ မလုံလောက်တော့ဘူး၊ လောလောဆယ် အခြေအနေက သူတို့ ဆန်ကိုလျော့စားနေရတယ်၊ ဒီလကုန်လောက်ဆို ဆန်ပြတ်သွားနိုင် တယ်”ဟု ပြောသည်။
မန်ဝိန်းကြီးဒေသ စစ်ရှောင်စခန်းများနှင့် စစ်ဘေးသင့်ပြည်သူများမှာ လူဦးရေ လေးထောင်ခန့်ရှိသည်။ ကုလသမဂ္ဂက ထုတ်ပြန်သောစာရင်းများအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လူ ၁၀၀၀၀၀ ခန့် နေအိမ်စွန့် ခွာထွက်ပြေးနေရပြီး ၎င်းတို့၏ တဝက်ခန့်မှာ KIA ထိန်းချုပ်ဒေသများတွင် ရှိနေကြသည်။
ကုလသမဂ္ဂသည် KIA ထိန်းချုပ်ထားသည့် နယ်မြေတွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် အကူအညီများပေးပို့ရန် စောင့်ဆိုင်းနေသည်မှာ လနှင့်ချီကြာနေပြီဖြစ်သော်လည်း ထိုသို့လုပ်ရန် တရားဝင်ခွင့်ပြုချက်မရသေးပေ။
“မြန်မာနိုင်ငံ ပဋိပက္ခဒေသတွေကို လူသားချင်း စာနာမှု အကူအညီရောက်ရှိရေးဟာ လက်ရှိအခြေအနေမှာ လွန်ခဲ့နှစ်အနည်းငယ်အတွင်း ဘယ်အချိန်ကထက်မဆို ပိုမိုဆိုးရွားနေတယ်။ ထိခိုက်တဲ့သူတွေ အားလုံးရဲ့လိုအပ်ချက်တွေ လုံလုံလောက်လောက် ဖြည့်ဆည်းပြီး အကာအကွယ်ပေးရေး ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် ကြိုတင်တွက်ချက်ထားတဲ့အတိုင်း အချိန်မီပေးပို့တဲ့ လူသားချင်း စာမှုအကူအညီဟာ အဖွဲ့အစည်းတွေအတွက် အဓိက ကျပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ ကချင်ပြည်နယ်က လူသားချင်း စာနာမှု အကူအညီအပေါ် မှီခိုနေရတဲ့သူတွေဆီကို ကျနော်တို့ရဲ့ လက်လှမ်းမှီမှုဟာ ပိုဆိုးလာနေပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုညှိနှိုင်းရေးရုံး UN Office for the Coordination of Humanitarian Affairs (OCHA) ၏ မြန်မာနိုင်ငံအခြေစိုက် ပြောခွင့်ရသူ Pierre Peron က ဒီဇင်ဘာလအတွင်း ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program နှင့် UNICEF ကဲ့သို့ ကုလသမဂ္ဂအေဂျင်စီများပါဝင်သော အကူအညီပေးရေးယာဉ်တန်းသည် KIO နယ်မြေသို့ရောက်ရှိရန်အတွက် စစ်ဘက်နှင့် ဒေါက်တာ ဝင်းမြတ်အေးဦးဆောင်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် အစိုးရဌာန အများအပြားထံမှ ခွင့်ပြုချက် တောင်းခံရသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံသူ မစ္စယန်ဟီးလီက သြဂုတ်လတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းသော အစီရင်ခံစာအရ ထိုလုပ်ငန်းအဆင့်ဆင့်မှာ မကြာသေးမီက ပိုမိုရှုပ်ထွေးလာသည်ဟု သိရသည်။
“KIO ဒေသတွေကို သွားရောက်ရန် တောင်းဆိုမှုများကို ယခင်က သက်ဆိုင်ရာဝန်ကြီးဌာနများမှတဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြရသည်။ ယခု ထိုကဲ့သို့သောတောင်းဆိုမှုများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ နောက်ဆုံး ဆုံးဖြတ်သည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အောက်တိုဘာလက ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တစောင်တွင်လည်း NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့ကို ကချင်စစ်ပြေးဒုက္ခသည်များအတွက် အကူအညီကို ပိတ်ဆို့ထားသောကြောင့် ပြစ်တင်ဝေဖန်ထားသည်။