မလေးရှား အစိုးရနှင့် မလေး NGOs များအနေဖြင့် ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရန် ရှိပါက သံတမန်လမ်းကြောင်း အတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံမှ NGOs များ အနေဖြင့် ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပါ၀င်သည့် သင်္ဘောအုပ်စု စေလွှတ်ရန် စီစဉ်နေကြောင်း သတင်းကြားရသော်လည်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံတမန် နည်းအရ ဆက်သွယ် အကြောင်းကြားထားခြင်း မရှိသဖြင့် ယင်းသို့ သတိပေးရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က “နိုင်ငံတကာရဲ့ ဖြစ်စဉ်မှာ ဆိုရင် တနိုင်ငံနဲ့ တနိုင်ငံ ကူတာ NGOs အနေနဲ့ပဲကူကူ၊ အစိုးရ အဖွဲ့ချင်းပဲကူကူ ဘယ်လိုပဲကူကူ တရားဝင် လျှောက်ထားစရာ ရှိတာတွေ လျှောက်ထားပြီး မှ လာရတာဆိုတော့ မလေးရှားနိုင်ငံအနေနဲ့ လှူမယ်ဆိုတဲ့ အဲဒီလိုအသံမျိုးတွေ မလေးရှားနိုင်ငံမှာ ကြားနေပါတယ်။ တကယ်တမ်း လှူဖို့ရှိတယ် ဆိုရင်လည်း တရားဝင်လုပ်လာပါလို့ ကြေညာတာပါ။ လက်ခံမယ်ဆိုတာ ပြောထားပြီးသားပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။
မလေးရှားနိုင်ငံ အနေဖြင့်လည်း အင်ဒိုနီးရှားနိုင်ငံကဲ့သို့ သံတမန်နည်းအရ တရားဝင် ဆောင်ရွက်သင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က တိုက်တွန်းပြောဆိုသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာမည့် မလေးရှား သင်္ဘောအုပ်စု အနေဖြင့် မြန်မာနိုင်ငံ အစိုးရ၏ တရားဝင် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း မပြုမိစေရန်အတွက် မလေးရှား နိုင်ငံ အစိုးရ အနေဖြင့် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ပေးရန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ ယမန်နေ့က ပေးပို့သောစာတွင် အကြောင်းကြားထားကြောင်း သိရသည်။
“သတင်းတွေကြားနေရတာကတော့ မလေးရှား အကူအညီပေးရေးသင်္ဘောတွေ ဒီအတိုင်းပဲ ဝင်တော့မလိုလို၊ ကျမတို့က ခွင့်မပေးသလိုလို။ တကယ်တော့ ခွင့်ပေးရအောင် လျှောက်လည်း လျှောက်မလာဘူး။ ဘာမှ လျှောက်မလာဘဲ ဟိုလိုလို ဒီလိုလို နဲ့ပြောနေတာတွေများနေတော့ ရှင်းသွားအောင် တရားဝင်ဆောင်ရွက်ပါလို့ ကျမတို့က တိုက်တွန်းတာပေါ့လေ” ဟု ဒေါ်အေးအေးစိုး က ပြောသည်။
မလေးရှားနိုင်ငံ အခြေစိုက် The Star အွန်လိုင်း သတင်းဌာနက မလေးရှားနိုင်ငံ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီမှ ထောက်ပံ့ရေး ရေယာဉ်များသည် ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး တန် ၂၀ဝ ဝန်းကျင်ရှိ ဆန်၊ ဆေးဝါး အထောက်အပံ့နှင့် လိုအပ်မည့် ပစ္စည်းများ သယ်ဆောင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။
ရခိုင်ပြည်တွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းပြခဲ့သည်။
ထိုသို့ရှင်းပြရာတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာ အစိုးရ၏ ဆောင်ရွက်မှုအပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ က ကူညီသွားရန် အဆင်သင့် ရှိကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် ပြောဆိုခဲ့ကြောင်း၊ မြန်မာအစိုးရကလည်း လိုလိုလားလား လက်ခံခဲ့ကြောင်း အစည်းအဝေးအပြီးတွင် နိုင်ငံခြားရေး ဝန်ကြီးအချို့က သတင်းထောက်များကို ပြောဆိုခဲ့သည်။
ထိုနောက် မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်သို့ လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စနှင့် ပတ်သက်ပြီး သံတမန်လမ်းကြောင်းမှ တစ်ဆင့် တရားဝင် အကြောင်းကြားရန်၊ အကူအညီများအား ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း ၂ ခုလုံးအား ခွဲခြားမှုမရှိဘဲ ပေးအပ်ရန် ဇန်နဝါရီလ ၅ ရက်နေ့က အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် တရားဝင် အကြောင်းကြား ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီများ သယ်ဆောင်လာသော သင်္ဘောများကို မြန်မာနိုင်ငံ ဆိပ်ကမ်းများ သို့ ရောက်ရှိချိန်တွင် အထောက်အပံ့ ပစ္စည်းများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် အလှူရှင် နိုင်ငံများကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု အကြောင်းကြားစာတွင် ပါရှိကြောင်း သိရသည်။
ပထမဆုံး အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက လူသားချင်း စာနာ ထောက်ထားမှု အကူအညီ များ ပါဝင်သည့် သင်္ဘောများကို မြန်မာနိုင်ငံသို့ စေလွှတ်နေပြီး အင်ဒိုနီးရှား အစိုးရက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြ်ို့ရှိ မြန်မာ သံရုံးမှ တဆင့် သံတမန်နည်းအရ တရားဝင် အကြောင်းကြား ဆောင်ရွက်ခဲ့ကြောင်း၊ အင်ဒိုသင်္ဘောများ မကြာခင်ရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။
မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဘဲ မလေးရှားနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီက ထောက်ပံ့ရေး ရေယာဉ်များကို ရခိုင်ဒေသသို့ စေလွှတ်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံကို စော်ကားခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် နေပြည်တော်၌ သတင်းထောက်မျာကို ပြောဆိုခဲ့သေးသည်။