အိန္ဒိယ- မြန်မာ နယ်စပ် တကြောတွင် ၂ နိုင်ငံ နယ်ခြား ခြံစည်းရိုး တည်ဆောက်မည့် အစီအစဉ်ကို နာဂ တိုင်းရင်းသားများ က ကန့်ကွက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ နာဂ အမျိုးသားရေးရာ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးနော်အောင်ဆန်းက “ကျနော်တု့ိဒေသခံတွေ က အိန္ဒိယ ဘက် က ကုန်စည်တွေ ဆန်၊ ဆီ၊ ဆားက အစ ဝယ်ရတယ်။ ကျန်းမာရေး နဲ့ ဆိုင်တာတွေလည်း အရေးပေါ်ကြုံလာရင် အဲ့ဒီဘက်ကိုပဲ မှီခိုနေရတယ်။ ခြံစည်းရိုး ခတ်မယ်ဆို လူမှုရေး၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေ ပေါ်လာမယ်၊ ဒါ့ကြောင့် ကန့်ကွက်တယ်”ဟု ပြောသည်။
နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ၏ ထုတ်ပြန်ချက်တွင်လည်း ၂ နိုင်ငံ နယ်စပ်စည်းရိုးကိစ္စတွင် သက်ဆိုင်ရာ အာဏာ ပိုင်များက နယ်စပ် တလျှောက် နေထိုင်သည့် ဌာနေတိုင်းရင်းသားများ၏ သဘောထားများကို မယူဘဲ ဆောင်ရွက်နေ သဖြင့် ဒေသခံများ၏ အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်ပြီး လူမှုစီးပွားဘဝ၊ ဒေသငြိမ်းချမ်းရေးများကို ထိခိုက် စေကြောင်း ရေးသား ထားသည်။
ထို့အပြင် နှစ်ဘက်အာဏာပိုင်များက နယ်စပ်ခြံစည်းရိုးကို ဆက်လက် တည်ဆောက်မည်ဆိုပါက လူမှုရေး ပြဿနာပေါင်း များစွာ ပေါ်ပေါက်လာမည်ဖြစ်ပြီး အိန္ဒိယ – မြန်မာ ၂ နိုင်ငံအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား စစ်ရေး ပဋိပက္ခများလည်း ဖြစ်လာနိုင်သဖြင့် ရပ်တန့်ပေးစေလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဦးနော်အောင်ဆန်းက လက်ရှိတွင် ဆန်များကို ပြည်မမှ ဝယ်ယူလျင် လမ်းပန်း ဆက်သွယ်ရေးကြောင့် ဈေးကြီး ပေးဝယ် ရသဖြင့် အိန္ဒိယ ဘက်မှသာ ဝယ်ယူ စားသုံးနေကြကြောင်း၊ ခြံစည်းရိုး ခတ်လိုက်မည် ဆိုပါက ဒေသခံများသည် စားဝတ် နေရေးပါ အခက်အခဲ ဖြစ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက “ပြည်မက ဆန်ဝယ်ရင် တအိတ်ကို ရှစ်သောင်း ၊ ကိုးသောင်း ပေးဝယ်ရတယ်။ ဒေသခံတွေက မတတ်နိုင်ဘူး။ အိန္ဒိယဘက်ကဆို နှစ်သောင်းဝန်းကျင်ပဲ ပေးရတယ်။ ဒါ့ကြောင့် ဆန်က အစ အိန္ဒိယကပဲ ဝယ်စား ကြ တယ်”ဟုလည်း ပြောသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် ပြည်မသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသဖြင့် ဒေသခံ အများစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ပတ်သက်၍ အိန္ဒိယအပေါ် မှီခိုနေကြရကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံဘက်တွင်လည်း နာဂပြည်နယ် ရှိသဖြင့် မြန်မာနိုင်ငံ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နာဂ တိုင်းရင်းသား များ အိန္ဒိယဘက်သို့ သွားပြီး ပညာသင်ယူမှုများ၊ အလုပ်သွားရောက် လုပ်ကိုင်မှုများ ပြုလုပ်လျက်လည်း ရှိသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တည်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လေရှီးမြို့နယ်၊ လဟယ် မြို့နယ်၊ နန်းယွန်းမြို့နယ်တို့ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပေးထားခြင်း ဖြစ်သည်။
အဆိုပါ ဒေသများသည် ဝေလံခေါင်ဖျားပြီး ပြည်မနှင့် ဆက်သွယ်ရန် ခက်ခဲသည့် ဒေသများ ဖြစ်သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ပြင်းထန်ဝက်သက် ရောဂါတခုကြောင့် ကလေးငယ် ၄၀ ခန့် ဖျားနာ၊ အော့အန်ပြီး သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပွားစဉ်ကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစိုးရက ဆေးဝါးနှင့် ဆရာဝန် ထောက်ပံ့မှုများ အချိန်မီ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပါ။
ရောဂါဖြစ်ပွားသည့် နေရာများသည် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသဖြင့် မိုးတွင်းတွင် သွားလာရ ခက်ခဲပြီး လေယာဉ် (သို့) ရဟတ်ယာဉ် ဖြင့်သာ သွားလာနိုင်သည့် နေရာများ ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်တွင် ခြံစည်းရိုး ဆောက်လုပ်ရန်အတွက် အခြေခံ ပြုလုပ်ရန် မြေကျင်း တူးခြင်း များ စတင်ပြုလုပ်နေပြီ ဖြစ်သည်ဟုလည်း ဦးနော်အောင်ဆန်းက ပြောသည်။
ခြံစည်းရိုး တည်ဆောက်လိုက်ပါက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဒေသခံများ၏ စားဝတ်နေရေး၊ ကျန်းမာ ရေး အခက်အခဲဖြစ်သွားမည်ကို ဒေသခံများကလည်း စိုးရိမ်နေကြသည်ဟု ဦးနော်အောင်ဆန်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလောရုံကလည်း ၎င်းကြားသိသည့် သတင်း အချက်အလက်အရ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ဒေသခံများသည် နယ်စပ်တွင် မှီခိုသွားလာနေထိုင်နေကြသဖြင့် ထိုကဲ့သို့ ခြံစည်းရိုး ဆောက်မည့် ကိစ္စကို မလိုလားခြင်းသည် မှန်ကန်ကြောင်း ပြောသည်။
သို့သော် ထိုကိစ္စသည် လက်ရှိ နိုင်ငံတော်က ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်နေသည့် ကိစ္စများ ဖြစ်သဖြင့် သဘောထားမှတ်ချက် တစုံတရာ ပေးရန် မရှိဟုလည်း ဦးလောရုံက ပြောဆိုသည်။
ဆက်လက်ပြီး ဦးလောရုံက “နှစ်နိုင်ငံ စစ်တပ်တွေရဲ့ သဘောတူညီချက်အရ ကာရံတယ်လို့ ကျနော်တို့ နားလည် ထားပါ တယ်။ အသေးစိတ်တော့ ကျနော်တို့လည်း မသိပါဘူး”ဟု ပြောသည်။
အိန္ဒိယ – မြန်မာ နယ်စပ်တလျှောက်တွင် မြန်မာနိုင်ငံမှ နာဂ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသည့်အပြင် အိန္ဒိယကို ပုန်ကန်နေသည့် ကသည်း လက်နက်ကိုင်များ၊ အာသံ လက်နက်ကိုင်များနှင့် အိန္ဒိယနိုင်ငံနေ နာဂ လက်နက်ကိုင် အဖွဲ့များလည်း ရှိသည်။
ထိုလက်နက်ကိုင်အဖွဲ့များနှင့် အိန္ဒိယ တပ်မတော်သည် တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားမှုများ ရှိကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံ အနေဖြင့် ၂ နိုင်ငံ ကူးလူး ဆက်ဆံမှုများကို ထိန်းချုပ်သည့် အနေဖြင့် မြန်မာနိုင်ငံ အစိုးရနှင့် သဘောတူညီမှု ယူကာ ခြံစည်းရိုး ခတ်ခြင်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းဘဲ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ပဋိပက္ခနှင့် စစ်ရေးပဋိပက္ခပါ ထပ်မံ ပေါ်ပေါက်လာနိုင်ရန် ဦးတည်ကြောင်း မြင်တွေ့ရသည်ဟုလည်း ဦးနော်အောင်ဆန်း က ပြောသည်။
နာဂ အမျိုးသားရေးရာ ကောင်စီက ခြံစည်းရိုးကာခြင်းကို ကန့်ကွက်ကြောင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဒေသခံများ၊ အခြားအရပ်ဘက် အဖွဲ့အစည်းများထံမှ ကန့်ကွက်ကြောင်း လက်မှတ်များ ယနေ့မှစ၍ ကောက်ယူသွားမည် ဟု ပြောသည်။
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်သည် ၁၆၄၃ ကီလိုမီတာ ရှည်လျားပြီး နယ်စပ်တလျှောက်တွင် အိန္ဒိယ နိုင်ငံ အရှေ့ မြောက်ပိုင်းမှ နာဂပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ အာသံပြည်နယ်၊ အာရူနာချာလ်ပြည်နယ် နှင့် မြန်မာနိုင်ငံဘက်မှ အနောက် မြောက်နှင့် မြောက်ပိုင်း ဒေသရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး တို့နှင့် ဆက်စပ်လျက်ရှိပြီး နာဂ၊ ချင်း၊ ကူကီးနှင့် ကချင် တိုင်းရင်းသားများ နေထိုင်ကြောင်း သိရသည်။