နေပြည်တော်သို့ အစည်းအဝေးတက်ရန်အသွား ရန်ကုန် – ပုသိမ်ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ဦးခေါင်းနှင့် လက်တွင် ဒဏ်ရာရရှိခဲ့သည့်အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တပတ်ခန့်ဆေးကုသ မှုခံယူရမည်ဖြစ် သည်။
“ဝန်ကြီးချုပ်ရဲ့ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း အကုန်ကောင်းပါတယ်။ သတိလည်း ကောင်းကောင်း ရနေ ပါတယ်။ အစောပိုင်းကတော့ ယာဉ်တိုက်မှုအရှိန်ကြောင့် အန်တာရှိပေမယ့် ဆေးရုံရောက်တဲ့ နောက် ပိုင်း မအန်တော့ပါဘူး။ လက်ကဒဏ်ရာကတော့ နည်းနည်းတော့ လှုပ်နိုင်ပေမယ့် ဆေးကုသမှု တော့ ခံယူရဦးမှာပေါ့။ ဆရာဝန်တွေကတော့ အနည်းဆုံး ၁ ပတ်၊ အများဆုံး ၁၀ ရက်အထိ စောင့်ကြည့်ရ မယ်ပြောတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူက ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန်အသွား ညောင်တုန်း မြို့နယ် ဆားမလောက်ကျေးရွာအုပ်စု၊ မောလေးကျေးရွာအနီး ရန်ကုန် – ပုသိမ်ကားလမ်းပေါ်တွင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်သို့ ဦးတည်မောင်းနှင်နေသည့် ဝန်ကြီးချုပ်ကားအား တဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် Taxi အငှားယာဉ်က ရပ်တန့်ပေးစဉ် အဆိုပါယာဉ်နောက်မှ မောင်းနှင်လာသော ရွှေတော်ဝင်ယာဉ် လိုင်းမှ ခရီးသည်တင်ဘတ်စ်ကားက Taxi အငှားယာဉ်နောက်ပိုင်းကို ဝင်တိုက်ခဲ့သဖြင့် Taxi က ဝန်ကြီးချုပ်ကားကို ဝင်တိုက်မိခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ဦးခေါင်း နှင့် လက်တွင်ဒဏ်ရာရရှိကာ သတိလစ်မေ့မျောသွားခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ ကုသခဲ့ရခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ကားအား ဝင်တိုက်မိစေခဲ့သည့် ရွှေတော်ဝင်ယာဉ်လိုင်းဘတ်စ်ကား ယာဉ်မောင်းမှာ ထွက်ပြေး သွားသည့်အတွက် ညောင်တုန်းမြို့နယ်ရှိရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ယမန်နှစ် နှစ်လည်ပိုင်းကလည်း ဧရာဝတီတိုင်း ဌာနဆိုင်ရာဝန်ထမ်းများ ဘောလုံးပွဲတွင် ဘောလုံးဝင်ရောက်ကစားခဲ့ရာ ချော်လဲခဲ့သဖြင့် လက်အရိုးအက်သွားပြီး ဆေးကုသမှု ခံယူခဲ့ရသူ ဖြစ်သည်။
ဧရာဝတီ အကြီးတန်းသတင်းထောက် ဆလိုင်းသန့်စင်ပေးပို့သည်။