မီးဘေးသင့်ခဲသည့် ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီးကို ဈေးသစ်အဖြစ် အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန် မင်္ဂလာဈေး မီးလောင်မှု ဖြစ်ပွားခဲ့သော ၁ နှစ်ပြည့်မြောက်သည့် ယနေ့တွင် မင်္ဂလာဈေး ဈေးသူဈေးသားများက မဟာဗန္ဓုလပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
ယခုနှစ် ဇန်နဝါရီ ၉ ရက် (ယနေ့) သည် ဒုတိယအကြိမ် မင်္ဂလာဈေးကြီး မီးလောင်ခဲ့မှု ၁ နှစ်တိတိပြည့်ပြီ ဖြစ်သော်လည်း၊ မင်္ဂလာဈေးကို အသစ်ပြန်လည် တည်ဆောက်မည့်ပုံစံ၊ ဆောက်လုပ်မည့် နေ့ရက်နှင့် အချိန်တို့ကို တာဝန်ရှိသူများဘက်က ပြောဆိုခြင်း မရှိသည့်အတွက် ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများက ပြောသည်။
ယနေ့ဆန္ဒဖော်ထုတ်ရာတွင် မင်္ဂလာဈေး ဈေးသူဈေးသားဟောင်း ၄၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဈေးဟောင်း စတုတ္ထထပ်၌ အလှကုန်ဆိုင်ဖွင့်ခဲ့သူ ဒေါ်ချိုဝတ်ရည်က “ဆန္ဒပြတယ်ဆိုတာ တွန်းအားပေးတာပါပဲ။ အရင်က ဈေးအသစ်ပြန်ဆောက်မယ့် အပေါ်မှာ ဝိဝါဒ ကွဲပြားမှုတွေ ရှိခဲ့ပေမယ့် အခု အစိုးရ ဆောက်ပေးတဲ့အတိုင်း ယူမယ်။ ဒါပေမယ့် မြန်မြန်လေး တည်ဆောက်ပေးပါ” ဟု ဧရာဝတီကို ပြောသည်။
မင်္ဂလာဈေး မီးလောင်ပြီး ၈ လ အကြာ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် မင်္ဂလာဈေးသူဈေးသားများနှင့် စည်ပင်သာယာရေး ကော်မတီဝင်တို့ တွေ့ဆုံခဲ့ကြပြီး မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးကို အမြန်ဆုံးဖြိုဖျက်ပြီး အဆင့်မြင့်ဈေးကြီးအဖြစ် အသစ်ပြန်လည် တည်ဆောက်ရေးကို ဆက်တိုက်ဆောင်ရွက်သွားမည်ဟု စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း ဈေးသူဈေးသားများက ပြောသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဦးကျော်စိုးက “လက်ရှိ ပကတိ မြေပြင်မှာ မီးလောင်ထားတဲ့ဈေးကို ဖျက်ပြီးလု နီးပါးတော့ပြီးပြီ။ ဒါပေမယ့် အခုအချိန်အထိ ကျနော်တို့ကို ဘယ်အချိန် ပြန်ဆောက်မလဲ၊ ဘယ်တော့ ပြီးမလဲ၊ ဘယ်တော့ ဈေးပေါ်တက်ရမလဲဆိုတာတွေကို မပြောသေးဘူး။ တာဝန်ရှိသူတွေ အနေနဲ့ ဈေးသူ/သားတွေကို ချမပြနိုင်တော့ ဒီလို ဆန္ဒထုတ်ဖော်ရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
မင်္ဂလာဈေး မီးလောင်ပြီးနောက် မင်္ဂလာဈေးအနောက်ဘက် ရွှေမင်္ဂလာဈေး ကားပါကင်နှင့် မင်္ဂလာမွန်ဈေးရှေ့ ကားပါကင်ရှေ့တွင် ယာယီဈေးနေရာများ ပေးထားခဲ့သော်လည်း နေရာအခက်အခဲများကြောင့် တခြားသော ဆိုင်ခန်းများကို ၁ လလျှင် ကျပ်သိန်း ၃၀၊ ၄၀ ပေး၍ ငှားရမ်းခဲ့ရကြောင်း၊ ဈေးသစ်ဆောက်လုပ်မှု အချိန်ကြန့်ကြာ နေသည်နှင့်အမျှ ဈေးသူဈေးသားများ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်က မင်္ဂလာဈေးသစ်ကို အဆင်မြှင့်တင် တည်ဆောက်ရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်တွင် ရေးဆွဲထားသည့် ဒီဇိုင်းရှိသော်လည်း ပိုမိုကောင်းမွန်သည့် ဒီဇိုင်းရေးဆွဲနေကြောင်းနှင့် မည်သည့်ဒီဇိုင်းဖြင့် ဆောက်လုပ်သည်ဖြစ်စေ အမြန်ဆုံး တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၀ ခုနှစ် မေလတွင် ပထမအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်၌ ဒုတိယအကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာတွင် ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆၀,၆၀၂ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။