သတင်း

သရေခေတ္တရာ ရှေးဟောင်းဇုန် ရှောင်ကွင်းလမ်း ဖောက်လုပ်ရေး စတင်

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ပြည်မြို့နယ် အတွင်းရှိ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန် ရှောင်ကွင်းလမ်း ဖောက်လုပ်ရန် တိုင်းတာမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း က ပြောသည်။

ယခု အသုံးပြုနေသည့် လမ်းသည် သရေခေတ္တရာ ရှေးဟောင်း မြို့ရိုးပေါ်မှဖြတ်၍ ပြည်မြို့နှင့် ပေါက်ခေါင်းမြို့တို့အား ဆက်သွယ်ထားသည့် ကားလမ်းဖြစ်ပြီး နေ့စဉ် ကုန်တင်ယာဉ်ကြီးများနှင့် အဝေးပြေး Express ယာဉ်များ ဖြတ်သန်း မောင်းနှင်မှု များပြား လာသောကြောင့် မြို့ရိုး၏ မြောက်ဘက်ပိုင်းတွင် မြေသားနိမ့်ကျမှုများ ဖြစ်ပေါ်လာသည့် အတွက် ရှေးဟောင်းဇုန်ကို ရှောင်၍ လမ်းသစ်ဖောက်လုပ်ရန် ဆောက်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ကားဖြတ်သန်းမှုက (တနေ့ကို) အစီး ၁၀၀၊ ၂၀၀ လောက်ပဲရှိတာ အခုချိန်မှာ ထောင်ချီပြီး ဖြတ်မောင်း နေတော့ ကြာရင်မြို့ရိုးကြီးက နိမ့်ဆင်းသွားတော့မယ့် အခြေအနေရောက်နေတယ်။ ကမ္ဘာ့ အမွေအနှစ်ကိုပါ ထိခိုက် လာနိုင်တယ်။ အခုဆိုရင် မြောက်ဘက်မြို့ရိုးကြီးက တဖြည်းဖြည်း နိမ့်နိမ့်လာပြီ။ အဲဒါကြောင့် အခုစနေပြီ လမ်းအူ ကြောင်း တွေရှာတယ်။ အစည်းအဝေးတွေပြန်လုပ်တယ်၊ တွေ့ရှိချက်တွေကို ဆွေးနွေးတယ်၊ အဲဒီအဆင့်ကို ရောက်နေ ပြီ”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောပြသည်။

သရေခေတ္တရာ ရှေးဟောင်းမြို့ရိုးသည် စက်ဝန်းပုံစံ တည်ဆောက်ထားသည့် မြို့ရိုးကြီး ဖြစ်ပြီး ပြည်မြို့အထွက် နဂါး တွန့် ဂိတ်မှစတင်၍ ဘုရားမာဘုရား ကျော်အထိ ၄ ဖာလုံ(မိုင်ဝက်)ခန့်ကို ယင်းမြို့ရိုးပေါ်မှ လမ်းအဖြစ် အသုံးပြုနေ ခြင်း ဖြစ်ပြီး အဆိုပါလမ်းကို ပဲခူးရိုးမပေါ်မှ သစ်များသယ်ယူရန် အင်္ဂလိပ်ခေတ်က စတင်ဖောက်လုပ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းသစ်ဖောက်ရန် လမ်းကြောင်း ၃ ခုရှာဖွေထားရာ ပြည်မြို့အထွက် ပြည်-အောင်လံ ကားလမ်းဘေးရှိ ထန်းပေါက် ရွာ အလွန်မှ စတင်ကာ ရှေးဟောင်းဇုန်ကို ရှောင်ကွင်း၍ ပြည် နည်းပညာ တက္ကသိုလ်အနီးတွင် ယခင် ပြည် – ပေါက် ခေါင်း ကားလမ်းဟောင်းနှင့် ပြန်လည် ဆက်သွယ်ထားသည့် လမ်းကြောင်းအား ရှာဖွေတွေ့ရှိထားကြောင်း ဦးကျော်မျိုးဝင်း က ပြောသည်။

“လမ်းအူကြောင်း ၃ ကြောင်းကို ဆောက်လုပ်ရေး ဝန်ကြီဋ္ဌာနကို ရှာပေးထားတယ်။ ၃ ကြိမ်လောက် ကွင်းဆင်း ပြီး သွားပြီး ကျနော်တို့အဖွဲ့တွေလည်း ပါတယ်။ လမ်းကြောင်းဖြတ်သွားတဲ့ နေရာတွေမှာ အတတ်နိုင်ဆုံး ဒေသခံတွေ နစ်နာမှု အနည်းဆုံးဖြစ်အောင် ရွာချင်းဆက်လမ်းလေးတွေကို ချိတ်ဆက်ပြီး ဖောက်လုပ်သွားမှာ။ အတတ်နိုင်ဆုံးတော့ အနစ်နာမှု အနည်းဆုံးဖြစ်အောင် စီစဉ်ထားတယ်။ အနည်းဆုံးဆိုတာ လယ်မြေအနည်းဆုံးကို ပြောတာပါ။ လျော်ကြေး ကတော့ ကာလပေါက်ဈေး အတိုင်း ပေးရမှာပေါ့”ဟုလည်း ဦးကျော်မျိုးဝင်းက ဆက်ပြောသည်။

လမ်းသစ် ဖောက်လုပ်ရာတွင် ယခင်အသုံးပြုနေသည့် ကျေးရွာချင်း ဆက်သွယ်ထားသည့် လမ်းများကို တိုးချဲ့၍ အဝေးပြေး လမ်းအဖြစ် ဖောက်လုပ်မည်ဖြစ်ပြီး နစ်နာမှုများ ရှိလာပါက ထိုက်သင့်သည့် လျော်ကြေးများ ရရှိမည် ဖြစ်ရာ ဒေသခံ ကျေးလက်နေပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ ဒေသဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်သောကြောင့် ဒေသခံများက ကျေနပ်မှုရှိသည်ဟု ပြောဆိုကြောင်း ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ကလည်း ပြောသည်။

သရေခေတ္တရာ ရှေးဟောင်းဇုန် ရှောင်လမ်းသစ်သည် ၃ မိုင် နီးပါး ရှည်လျားမည် ဖြစ်ပြီး လမ်းသစ် ဖောက်လုပ် ပြီးစီး သွားပါက ယခင်လမ်းဟောင်းတွင် အိမ်စီးကားများနှင့် ဒေသထွက် ကုန်စည်များကို သယ်ယူနိုင်ရန် ဒိုင်နာကဲ့သို့ ကုန်တင် ယာဉ်ငယ်များကိုသာ မောင်းနှင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန်လက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံ၏ ဆုံးဖြတ် ချက် အရ ပျူမြို့ဟောင်းများ ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်း ၃ မြို့အား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)က ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading