ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော
ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့သည့် ဘာသာရေးဆိုင်ရာ ပွဲများအား နှောင့်ယှက် ဟန့်တားမှုများ အပေါ် ဥပဒေအရ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ၏ တမန်တော် မိုဟာမက် မွေးနေ့ တမန်တော်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းကို အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့ (ရန်ကုန်)က ကန့်ကွက်မှု ပြုလုပ်ခဲ့ရာ ပွဲကို မိနစ် ၃၀ ခန့်သာ အကျဉ်းရုံးကျင်းပမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တမန်တော်ပွဲသည် ခရစ်သက္ကရာဇ် AD ၅၇၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဖွားမြင် ခဲ့သည့် တမန်တော် မိုဟာမက် မွေးနေ့ကို အစွဲပြု၍ ကျင်းပသည့် အခမ်းအနားဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီး ဦးနိုင်ငံလင်းက “ဥပဒေနဲ့အညီ ခွင့်ပြုပေးခဲ့တာပါ၊ ဒါကို နှောင့်ယှက်တဲ့ကိစ္စတွေ ရှိလာတာတော့ ကျနော်တို့ အနေနဲ့ အကောင်းဆုံး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ တဖက်ကကြည့်ရင် သူတို့ရဲ့အခွင့်အရေးဖြစ်သလို ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ လုပ်တဲ့ဟာတွေကို အနှောင့်အယှက် မပေးသင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ နှင့် မျိုးချစ်လူငယ် စသည့် အမျိုးသားရေးအဖွဲ့ ၂၀ ခန့်ပါဝင်သော အမျိုးသားရေး ညွန်ပေါင်း အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်တွင် ပြုလုပ်မည့် တမန်တော်နေ့ပွဲကို ကန့်ကွက်ခဲ့သည့် အတွက် ပွဲစီစဉ်ထားမှုအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ဟာဂျီ ဦးအေးလွင်က “ပစ်မှတ်က ကျနော်တို့မဟုတ်ဘူးလို့ဘဲ ခံယူတယ်၊ အဲ့ဒီတော့ အေးအေးချမ်းချမ်း ပြီးသွား အောင်ပဲ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာသာ၊ သာသနာကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကြားမညပ်အောင်ဘဲ လုပ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။
တမန်တော် အခမ်းအနားကို လွတ်လပ်ရေးရပြီးခေတ်တွင် ယခု ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ ဗလီကျောင်းများ မှ ထွက်၍ ရပ်ကွက်အတွင်း မေတ္တာပို့မှုများ ပြုလုပ်ခဲ့ပြီး သမ္မတ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဟောပြောခြင်းများ ရှိခဲ့ကြောင်းလည်း ဟာဂျီဦးအေးလွင်က ပြောသည်။
တမန်တော်ပွဲများ လှည့်လည် ကျင်းပလာခြင်းများကို ကန့်ကွက်ရာတွင် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း တရားဝင်စာ ပေးပို့ထားပြီး ယင်းသို့ကန့်ကွက်ရာတွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ဥပဒေဘောင်ထဲကသာ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ က ပြောဆိုသည်။
အမျိုးသားရေးညွန့်ပေါင်း အဖွဲ့မှ အရှင် သုစိတ္တက “တမန်တော်နေ့ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာ၊ ဓမ္မသဘင် ဆိုပြီး ဟောပြောနေတာတွေကို ကန့်ကွက်တာပါ၊ အစဉ်အလာမရှိခဲ့တဲ့ ပွဲတွေကို ရှိခဲ့သယောင်ယောင် လုပ်လာတာက သွေးတိုး စမ်းလာတာလို့မြင်တယ်”ဟု ဧရာဝတီသို့ မိန့်ကြားသည်။
ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုများတွင် မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစွာ ပါဝင်သော်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း အရှင် သုစိတ္တက မိန့်ကြားသည်။