ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy – ALD) ပါတီကို ပါတီသစ် တခုအနေဖြင့် မကြာမီ ပြန်လည် မှတ်ပုံတင်မည် ဖြစ်ကြောင်း သိရသည်။
ALD ပါတီကို တရားဝင် နိုင်ငံရေးပါတီတခု အဖြစ် လာမည့် ဖေဖော်ဝါရီလထဲတွင် ရွေးကောက်ပွဲ ကော်မရှင်၌ ပြန်လည် မှတ်ပုံတင်ရန် စီစဉ်နေကြောင်း မှတ်ပုံတင်ရေးကိစ္စများကို ဦးဆောင်စီစဉ်နေသည့် ဦးမျိုးကျော်က ဧရာဝတီကို ပြောသည်။
ဦးမျိုးကျော်က “မှတ်ပုံတင်ဖို့ အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ယခင် ALD အဖွဲ့ဝင်ဟောင်းတွေကပဲ ဦးဆောင်ကြမှာပါ။ လက်ရှိမှာတော့ အစုအဖွဲ့ပုံစံနဲ့ပဲ သွားမှာပါ။ နောက်ပိုင်းမှ ပါတီခေါင်းဆောင်ကို ရွေးဖို့ ရှိပါတယ်။ ALD ရဲ့ မူဝါဒတွေက အရင်အတိုင်းပါပဲ။ ခေတ်ကာလနဲ့ မညီတာ တချို့ကိုပဲ ပြန်ပြင်မှာပါ”ဟု ပြောပြသည်။
ALD ပါတီ ပြန်လည်မှတ်ပုံတင်ရေး အတွက် မြို့နယ်အသီးသီးရှိ ပါတီဝင်များ၏ သဘောထား ဆန္ဒအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တရားဝင် မှတ်ပုံတင်ပြီး နောက်ပိုင်းတွင် မြို့နယ်၊ ကျေးရွာအဆင့် ပါတီဝင်များဖြင့် အဆင့်ဆင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ALD ပါတီဝင်အများစုသည် လက်ရှိအချိန်၌ ရခိုင်အမျိုးသား ပါတီ (ANP) ၏ အဖွဲ့ဝင်များ ဖြစ်နေကြောင်း၊ ၎င်းတို့အနေဖြင့် ALD ပါတီသို့ ပြန်လည် ဝင်ရောက်မည် ဆိုပါက ANP ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်ဖြစ်ကြောင်း၊ ပါတီဝင်ဟောင်းများ အနေဖြင့် ၎င်းတို့၏ဆန္ဒ သဘောထားအတိုင်းသာ ပါဝင်နိုင်ကြကြောင်း ဦးမျိုးကျော်က ဆိုသည်။
ဦးမျိုးကျော်အပါအဝင် ALD ပါတီ အသစ်ကို ဦးဆောင်မည့်သူများသည် ပါတီစည်းကမ်း မလိုက်နာဟုဆိုကာ ANP ပါတီမှ ထုတ်ပယ်ခံထားရသူများ ဖြစ်ကြသည်။
ထိုသို့ ANP ပါတီ၏ ဗဟိုအဖွဲ့ဝင်နေရာများမှ ၎င်းတို့အား ထုတ်ပယ်ခံခဲ့ရခြင်းသည် ဘေးဖယ်ရန် ကြိုးပမ်းမှုများကြောင့် ဖြစ်သည်ဟု ဦးမျိုးကျော်က ဆိုသည်။
ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲ အနိုုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပူးပေါင်းခဲ့သည့် ပါတီတခု ဖြစ်သည်။
ANP ပါတီမှ ခွဲထွက်၍ ပါတီသစ် ပြန်လည် တည်ထောင်ခြင်းကို ရပ်တန့်ရန် တောင်ကုတ်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း က ဆန္ဒပြမှုတခု ဖြစ်ပေါ်ခဲ့သည်။
ထိုဆန္ဒပြမှုသည် ALD ပါတီ ဖြစ်ပေါ်လာမည်ကို မလိုလားသည့် လူတချို့က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။
ALD နှင့် RNDP တို့ကို ရခိုင်ပြည်သူလူထု၏ တောင်းဆိုမှုအရ ပေါင်းစည်းခဲ့ကြသော်လည်း၊ ယခုအခါ သဘောထားချင်း မတိုက်ဆိုင်တော့သည့် အတွက် လမ်းခွဲကြခြင်း ဖြစ်ကြောင်း၊ သို့သော် ပါတီနှစ်ရပ်စလုံးသည် ရခိုင်ပြည်နယ်နှင့် ရခိုင် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဟု နှစ်ပါတီခေါင်းဆောင်များက ဧရာဝတီကို ပြောသည်။
ANP ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ALD အဖွဲ့ဟာလည်းပဲ နိုင်ငံရေး အင်အားကောင်းတဲ့ သူတွေပါ၊ အမြင်သဘောထားချင်း မတူတဲ့အတွက် ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားမယ်ဆိုတော့လည်း ကျနော်တို့ အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ သူတို့လည်းပဲ ရခိုင်ပြည်နဲ့ ရခိုင်လူထုကို ချစ်တဲ့သူတွေဆိုတော့ ရခိုင်ပြည်သူတွေအတွက် ကောင်းရာ ကောင်းကျိုးတွေကို ကြိုးစား လုပ်ဆောင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။
ထို့အတူ မြို့နယ်၊ ကျေးရွာအဆင့် ပါတီဝင်များနှင့် ပြည်သူလူထုကြား သဘောထား ကွဲလွဲမှု၊ တဘက်နှင့်တဘက် အပြန်အလှန် ဝေဖန် တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေး၊ ရခိုင်ပြည်သူလူထုကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်ပေါ်စေရေး တို့အတွက် နှစ်ဘက်ခေါင်းဆောင်များ အနေဖြင့် သဘောထားကြီးစွာဖြင့် အထူးအလေးထား လုပ်ဆောင်ရန် လိုအပ်မည် ဟု ခေါင်းဆောင်များက ပြောသည်။
ALD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ မြန်မာတနိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရထားသည့် ပါတီဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အများဆုံး အနိုင်ရခဲ့သည့်ပါတီ ဖြစ်သည်။
တရားဝင် ပြန်လည်မှတ်ပုံတင်ခွင့် ရရှိပြီးပါက ALD ၏ ဌာနချုပ်ရုံးကို ကျောက်တော်မြို့၌ ထားရှိ၍ တောင်ကုတ်နှင့် ရန်ကုန်တို့တွင် ရုံးခွဲများထားရှိမည်ဟု ဦးမျိုးကျော်က ပြောသည်။
ALD ပါတီကို ဦးဆောင်ခဲ့သည့် ဦးအေးသာအောင်သည် လက်ရှိတွင် အမျိးသားလွှတ်တော်၏ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင်နေသည်။
ALD ပါတီအား ပြန်လည်မှတ်ပုံတင်ရန်အတွက် ဦးအေးသာအောင်က သဘောတူညီသည်ဟု မှတ်ချက်ပြုထားကြောင်း သိရသည်။
ALD ၏ မူဝါဒသည် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ရခိုင်အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေး၊ ရခိုင်ပြည်နယ်နှင့် ရခိုင်လူထု အကျိုးစီးပွားကို ရခိုင်လူမျိုးများက ဦးဆောင်ခွင့်ရရေးစသည့် အချက်များ ပါဝင်သည်။
ALD နှင့် RNDP ပါတီတို့ကို ပေါင်းစည်းထားသည့် ANP (Arakan National Party- ANP) ပါတီကို ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။
ထိုအချိန်မှစ၍ ALD နှင့် RNDP ပါတီတို့သည် ဥပဒေအရ ပယ်ဖျက်ပြီး ဖြစ်သည်။