အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
Peace Commission အဖွဲ့ဝင် ဦးလှမောင်ရွှေ က “ကျနော်တို့ကတော့ဗျာ NCA လက်မှတ် ရေးထိုးနိုင်ဖို့၊ နောက် ၂၁ ပင်လုံ ညီလာခံမှာ ပါလာနိုင်ဖို့ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲလေ။ ဆွေးနွေးမယ့် လမ်းကြောင်းကတော့ ဆက်ပြီးတော့ ဖွင့်ထားတယ်။ သူတို့နဲ့ အလွတ်သဘော ချင်းမိုင်မှာ ဆွေးနွေးပြီးရင်တော့ ရန်ကုန်မှာ ဆက်ပြီး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ဘက်က မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အောက်တွင်ရှိသော Peace Commission အဖွဲ့နှင့် DPN တို့အကြား ၂ လကြာ ရပ်ဆိုင်းနေခဲ့သည့် ဆွေးနွေးပွဲများ ပြန်လည် အသက်ဝင်လာတော့မည် ဖြစ်သည်။ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်အဖွဲ့များ အကြား ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။
DPN အဖွဲ့ကတော့ ၎င်းတို့နှင့် အစိုးရအကြား ဆွေးနွေးထားဆဲ ဖြစ်သော အချက် ၈ ချက်သည် မပြီးပြတ်သေးသဖြင့် ထိုအချက်များအပေါ်တွင် မူတည်ပြီး ဆွေးနွေးသွားရန် ရှိကြောင်း UNFC တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။
ဦးထွန်းဇော်က “NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် အချက် ၉ ချက်ပါတဲ့ အဆိုပြုချက်ကို ဆက်လက် ညှိနှိုင်းဖို့ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ အလွတ်သဘော ညှိနှိုင်းကြမယ့်ပွဲပါ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် DPN တို့အကြား ဆွေးနွေးရမည့် အချက် ၈ ချက်ထဲတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ ပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တွင် နိုင်ငံတကာ အသိသက်သေများ ပါဝင်နိုင်ရေးတို့လည်း ပါဝင်ကြောင်း သိရသည်။