ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် တို့၌ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း KIA မှ စခန်း ၄ ခု ဆုံးရှုံးသွားကြောင်း သတင်း ရရှိသည်။
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ပါဝင်သည့် KIA ၏ နည်းပညာ အထောက်အကူပြုရေး အဖွဲ့မှ ဦးဒေါင်ခါးက “စခန်း ၄ ခု သိမ်းတယ်ဆိုတာက KIA ရဲ့ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နေရာဝန်းကျင် ဖြစ်တယ်။ ဝိုင်းမော်ကနေ အရှေ့မြောက် အခြမ်းကျတယ်။ လိုင်ဖောင်တဲ့ သိပ်မဝေးတဲ့ နေရာတွေပဲ” ဟု ဧရာဝတီကို ပြောသည် ။
တပ်မတော်နှင့် KIA တို့မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် KIA ၏ ဂီဒုန်စခန်း နှင့် လိုင်ဖောင်စခန်း တို့ကို တပ်မတော်က သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် တပ်မတော်သိမ်းပိုက်ထားသည့် လိုင်ဖောင်စခန်းမှ ဆက်လက်၍ ထိုးစစ်ဆင်နေသဖြင့် စခန်း ၄ ခု ထပ်မံ ကျသွားခြင်း ဖြစ်ကြောင်း၊ ယခု ရက်ပိုင်းအတွင်း တပ်မတော်မှ KIA တပ်စခန်းရှိသည့် နေရာများ တွင် အဆက်မပြတ် ထိုးစစ် ဆင်နေကြောင်း ဦးဒေါင်ခါးက ပြောသည်။
ဆက်လက်ပြီး ဦးဒေါင်ခါးက “အခု တပ်မဟာ ၅ တပ်ရင်း ၃၊ တပ်မဟာ ၆ ၊ တပ်မဟာ ၂၊ တပ်မဟာ ၄ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ မြို့နယ်အရဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲ၊ ကွတ်ခိုင် မြို့နယ်၊ ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ် တို့ပေါ့” ဟု ဆိုသည်။
တပ်မတော်မှ ဇန်နဝါရီ ၈ ရက်နေ့တွင် ထပ်မံသိမ်းပိုက်လိုက်သည့် တပ်စခန်း ၄ ခုမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ တပ်စခန်းများ ဖြစ်ကြောင်း သိရသည်။
စခန်း ၄ ခု သိမ်းပိုက်စဉ်က တပ်မတော်သည် KIA မှ အလောင်း ၇ လောင်း၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဒုံးပစ် လောင်ချာ ၁ လက်၊ M 21 သေနတ် ၁လက် နှင့်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ကျဆုံးသူများနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း တပ်မတော်က ဇန်နဝါရီ ၈ ရက်စွဲဖြင့် သတင်း ထုတ်ပြန် ထားသည်။
ယင်းထုတ်ပြန်ချက်တွင် KIA ကို အကြမ်းဖက်သောင်းကျန်းသူများဟု သုံးစွဲထားပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာ KIA ခေါင်းဆောင်များက ၎င်းတို့၏ အကျိုးစီးပွားများကြောင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူများမှ လိုလားသည့် ငြိမ်းချမ်းရေးကို လျစ်လျူရှုပြီး တိုက်ပွဲများ ဖော်ဆောင် နေခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
ထို့ပြင် တိုက်ပွဲများအတွင်း KIA က ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ မဖြစ်စေရန် ရည်ရွယ်ပြီး အပြစ်မဲ့ ပြည်သူအချို့နှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအား ဒုက္ခသည်စခန်း အမည်ခံကာ လူသားတံတိုင်း ပြုလုပ်ပြီး အကြမ်း ဖက် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်နေကြောင်း၊ ထို့ကြောင့် တပ်မတော်မှ ဆက်လက်၍ နယ်မြေရှင်းလင်း နေရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
ဦးဒေါင်ခါးကမူ တပ်မတော်သည် KIA အပေါ်တွင် အမြဲတစေ မဟုတ်မှန် စွပ်စွဲလာသဖြင့် ယခု ပြောဆိုချက်များ ကို တုံံ့ပြန်ရန် မရှိဟု ပြောသည်။
လက်ရှိတိုက်ပွဲများတွင် စခန်းများ ဆုံးရှုံးနေရသည်မှာ KIA ဘက်မှ စစ်ရေးတုံ့ပြန်မှုများကို လျော့ချထားခြင်းကြောင့် ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ တပ်မတော်မှ တိုက်ပွဲများ ပြင်းထန်လျှင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ရှောင် ဒုက္ခသည်များ၊ နေအိမ်များကို ထိမှန်သည့်အပြင် တိုက်ပွဲကာလ တလျှောက်တွင် မြစ်ကြီးနား- ဖားကန့်- တနိုင်းလမ်း များရှိ ရပ်ရွာများမှ ကချင်ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များကို မေးမြန်းမည် ဟု ဆိုကာ ခေါ်ယူရိုက်နှက်မှုများ ရှိခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း ဦးဒေါင်ခါးက ဆိုသည်။
ဇန်နဝါရီလ ပထမပတ်ကလည်း ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တပ်စခန်းကြား ရှိနေသည့် ဇိုင်းအောင် စစ်ရှောင်စခန်းသို့ လက်နက်ကြီးများ ကျသဖြင့် စစ်ရှောင်ဒုက္ခသည် ၂၀၀၀ ကျော်မှာ ကားလမ်းမများ ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲဖြစ်နေစဉ် ကာလအတွင်း မြို့ပေါ်တွင် ပေါက်ကွဲမှုများ တခုုခု ဖြစ်ပါက နည်းပညာ အထောက်အကူ ပြုရေး အဖွဲ့ (TAT) က သက်ဆိုင်ကြောင်း၊ တာဝန်ခံရမည် ဖြစ်ကြောင်း တပ်မတော်ဘက်မှ ပြောဆိုမှုများ ရှိခဲ့သည်ဟု ဦးဒေါင်ခါးက ပြောသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများအပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် သည့် အစိုးရအဖွဲ့က တာဝန်ယူမှု မရှိဘဲ လျစ်လျူရှုထားခြင်းတို့ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဧရာဝတီမှ KIA၏ သတင်းနှင့်ပြန်ကြားရေး ဒုဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်သော်လည်း ၎င်းက ခရီးသွားနေသဖြင့် ဦးဒေါင်ခါးကို မေးမြန်းရန် လွဲှပေးသဖြင့် ဦးဒေါင်ခါးကိုသာ မေးမြန်းအတည်ပြုထားခြင်း ဖြစ်ပါသည်။
KIAသည် တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ထိုးနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။
၂၀၁၁ ခုနှစ်မှ စ၍ တပ်မတော်နှင့် KIA မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ယနေ့ထိ စစ်ရှောင်နေရသည့် ဒုက္ခသည် တသိန်းခွဲ ရှိသည် ။