ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးလူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီကို ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ် ဒေသတချို့ကို သွားရောက်ခြင်းမပြုရန် တားမြစ်ခံခဲ့ရကြောင်း သူရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
“လိုင်ဇာနဲ့ ဖားကန့်ကို သူ့ကို သွားခွင့်မပြုဘူး” လို့ မစ္စယန်ဟီးလီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးလွင်က ဧရာဝတီကို ပြောသည်။ ထိုခရီးစဉ်များအစား မြစ်ကြီးနားမြို့ပြင်ရှိ Kachin Baptist Convention က ဖွင့်လှစ်ထားသည့် ဒုက္ခသည်များစခန်းကို သွားရောက်ခွင့်ပြုကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (Kachin Independence Army – KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ဖားကန့်မြို့တို့သို့ သွားရောက်ရန် အစိုးရတာဝန်ရှိသူများ၏ တားမြစ်ခံမှုနှင့် ပတ်သက်ပြီး “ ဒါဟာ ကျမရဲ့ အခွင့်အရေးနဲ့တာဝန်ကို ထိခိုက်စေပါတယ်။ ကျမရဲ့တာဝန်က တရားမမျှတမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ရှာဖွေဖော်ထုတ်ဖို့ပါ။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နေရာတွေကို အစိုးရက သွားရောက်ခွင့် မပေးခဲ့ဘူး” ဟု မစ္စယန်ဟီးလီက VOA သတင်းဌာနကို ပြောဆိုထားသည်။
ဇန်နဝါရီ ၉ ရက်က မြစ်ကြီးနားမြို့၌ မစ္စယန်ဟီးလီနှင့် တွေ့ဆုံခဲ့ကြသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အစိုးရမဟုတ်သော အဖွဲ့အစည်း ၉ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံခဲ့ရာ၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူဦးရေ တိုးပွားလာခြင်း၊ အစိုးရ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ဲရမှုနှင့် NGO အဖွဲ့အစည်းများက မူဆယ်မြို့နယ်မှ မုန်းကိုးမြို့ရှိ စစ်ရှောင်ဒုက္ခသည်များထံ အကူအညီများ ပေးပို့လိုကြောင်းျကို ပြည်နယ်အစိုးရက သွားရောက်ခွင့်မပြုသည့် အခြေအနေများကို ပြောဆိုတင်ပြခဲ့သည်ဟု မစ္စယန်ဟီးလီနှင့် တွေ့ဆုံခွင့်ရခဲ့သည့် မေတ္တာဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာစိုင်းစံခမ်းက ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုရှိ၊ မရှိနှင့် ပတ်သက်ပြီး မစ္စယန်ဟီးလီက အစည်းအဝေးသို့ တက်ရောက်သူများကို ပြန်လည်မေးမြန်းခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်သို့ သွားရောက်မည့် မစ္စယန်ဟီးလီ၏ ခရီးစဉ်အတွင်း မောင်တောမြို့၌ ရက်အတန်ကြာနေရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စီစဉ်ထားရှိသည့်အတိုင်း လိုက်ပါပို့ဆောင်မည် ဖြစ်သော်လည်း ကျေးရွာအချို့သို့ သွားရောက်ခွင့်ရရန် မသေချာကြောင်း ၎င်းက ဆက်ပြောသည်။
“သူသွားချင်တဲ့ နေရာတွေကို လိုက်ပို့မှာပါ။ ရွာတွေကိုတော့ စစ်ဆင်ရေးကာလ ဖြစ်နေလို့ သွားလို့ရမရ မသေချာဘူးလို့ ပြောထားတယ်။ ကိုးတန်ကောက်ဆို ဘယ်သူမှသွားလို့ မရဘူး။ သတင်းတခုခု ပေါ်တယ်ဆိုရင် ကျနော်တို့က ခွင့်မပြုနိုင်ဘူး” ဟု ဦးတင်မောင်ဆွေက ဆိုသည်။
မစ္စ ယန်ဟီးလီသည် ရခိုင်ပြည်နယ်သို့ ဇန်နဝါရီ ၁၂ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး စစ်တွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီ၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာနှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များအတွင်းသို့ သွားရောက်ရန် လတ်တလော စီစဉ်ထားကြောင်း သိရသည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၈ ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး၊ ယခုခရီးစဉ်သည် ၁၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် လတ်တလော သွားရောက်ခဲ့သည့် ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်နှင့် ရှမ်းပြည်နယ်တို့မှ အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ စစ်ရှောင်ဒုက္ခသည် စခန်းအချို့သို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။