သတင်း

သမ္မတ နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် နေပြည်တော်မှာ မြေကွက်မယူ

Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ခန့်အပ်တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဒီနေ့အချိန်ထိ နေပြည်တော်မှာ မြေကွက်တကွက်မှ ရယူခြင်း မရှိသေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ဧရာဝတီကို ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းက နေပြည်တော် ကျောက်မျက်ရတနာ သင်တန်း ဖွင့်ပွဲကို တက်ရောက်လာတဲ့ ဦးမင်းသူက ဧရာဝတီရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဦးမင်းသူက “ပြည်သူတွေရဲ့ မြေသိမ်း ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်ဘဲနဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို မယူကြ ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့  ပြောဆိုခဲ့တာ ရှိပါတယ်။ NLD က လူကြီးတွေလည်း အခုချိန်ထိ မြေတကွက် လာ လျှောက်တာ မရှိဘူး။ သမ္မတနဲ့ အတိုင်ပင်ခံတို့ ကိုယ်တိုင် မြေကွက်ရယူတာ လုံးဝ မရှိသေးဘူး”လို့ ဧရာဝတီကို ပြောပါ တယ်။

နေပြည်တော်မှာရှိတဲ့ နာမည်ကျော် သမ္မတလယ်တောကတော့ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ်မှာ ဒေသခံ လယ်သမားတွေ ဆီက နေ ကာလပေါက်ဈေးထက် ဈေးပိုပေးပြီး ဝယ်ယူခဲ့တာ ဖြစ်လို့ သူပိုင်ဆိုင်တဲ့ အဲဒီ မြေဧက ၃၈ ဧကကျော်ဟာ လက်ရှိအချိန်မှာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့အပိုင် ဖြစ်နေပါပြီ။

နေပြည်တော်မှာ အစိုးရ အဆက်ဆက်က ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ညွှန်ချုပ်တွေအတွက် ရာဇသင်္ဂဟ အိမ်ရာ ၁၊ ၂ ဆိုပြီး အိမ်ရာ တွေပါ အဆင်သင့် ဆောက်ပေးသလို အထူးနှုန်းထားတွေနဲ့ ပေ ၁၂၀ ပတ်လည် အကွက်တွေ ချထားပေးခဲ့တာ၊ တချို့တွေဆိုရင် တယောက်တည်းနဲ့ အကွက်ပေါင်းများစွာ ရယူပိုင်ဆိုင်ထားတာ ရှိနေတယ်လို့ ဧရာဝတီက စုံစမ်းသိရပါတယ်။

အခု NLD အစိုးရ လက်ထက်မှာတော့ နိုင်ငံရေး ရာထူး ရယူထားတဲ့ လူကြီးတွေကို မြေကွက်ချပေးတာမျိုး မလုပ်တော့ဘဲ မြေသိမ်းခံရသူတွေ၊ စားဝတ်နေရေး အဆင်မပြေသူတွေနဲ့ ရာသီဥတုကြောင့် နေစရာအိမ် မရှိသူတွေနဲ့ အခြေခံ လူတန်း စား တွေကို အိမ်ရာတွေ ဖော်ထုတ်ပေးဖို့ ရှိတယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ပြောဆိုပါတယ်။

“နေပြည်တော်မှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူတဲ့ ဝန်ထမ်းတွေကို အခန်းတွေပေးမယ်။ သူ့သတ်မှတ်ကာလတော့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ရမယ်။ အခု ရွှေနံ့သာမှာ လုပ်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေကလည်း ဒီလူတွေ အတွက်ပဲ”လို့လည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။
အရင် အစိုးရ လက်ထက်က ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်စန္ဒာခင်ကတော့ လူကြီး တွေကို ချထားပေးခဲ့တာတွေက သတ်မှတ်ငွေ တန်ဖိုး သွင်းရတာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အိမ်ရာက သူ့သတ်မှတ်နှုန်းထားနဲ့ ဝယ်ရပါတယ်ရှင့်။ အခုလို အငြိမ်းစား ဝန်ထမ်းတွေကို အိမ်ရာတွေ စီစဉ်ပေးမှာက အရင် ကတည်းက စီစဉ်ပေမယ့် အခုမှ လက်တွေ့ ဖြစ်လာတော့ ဝမ်းသာ ကြိုဆိုပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေလည်း ဒါမှ ဝန်ထမ်း လုပ်ချင်စိတ် ဖြစ်လာမှာပါ။ သူတို့အတွက်လည်း အာမခံချက် ရှိဖို့ လိုပါတယ်”လို့ ဒေါ်စန္ဒာခင်က ပြောပြပါတယ်။

နေပြည်တော်မှာ အောက်ခြေအဆင့်ကနေ ညွှန်ချုပ် အဆင့်အထိ အငြိမ်းစားယူပြီးရင် နေထိုင်ဖို့ အခန်းပေါင်း ၁၀၀၀၀ လိုအပ်ချက် ရှိနေတာကို ဖြည့်ဆည်းဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေး မြို့တော်ဖြစ်လာပြီး ကာကွယ်ရေး အမြင်အရ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ကို NLD အစိုးရက အသိအမှတ်ပြုပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေလို ယာဉ်ကြောပိတ်ဆို့မှု မရှိတဲ့အတွက် နေပြည်တော် ဖွံ့ဖြိုးရေး မြို့ပြစီမံကိန်း တရပ်ကို စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပြီလို့လည်း ဦးမင်းသူက ပြောပါတယ်။

ပညာရေးကို အခြေခံသည့်မြို့၊ သဘာဝနှင့် လိုက်လျောညီထွေဖြစ်သည့် မြို့တော်တခု ဖြစ်အောင် စနစ်တကျ ပြုလုပ်သွားမည် ဖြစ်ပြီး နေပြည်တော်ရှိ လယ်ယာမြေဧက ၂ သောင်းခွဲနှင့် သစ်တောမြေ ဧက  ၃ သောင်းကျော်ကို ယင်းမြေများ အဖြစ်မှ ပယ်ဖျက်၍ အခြား မြေများအဖြစ် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့များအတွက် မြေဧက ၅၀၀၀ ကျော်ကို နေပြည် တော် စည်ပင်က အသုံးပြုခွင့် ရရှိထားသဖြင့် စုစုပေါင်း မြေဧက ၆ သောင်းကျော်ကို မြို့ပြ စီမံကိန်းအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် မြို့ပြစီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကော်မတီတရပ်ကို စနစ်တကျဖွဲ့စည်းထားပြီး မြို့ပြ အင်္ဂါရပ် နဲ့ အညီ လိုအပ်တဲ့ အဆောက်အအုံတွေ၊ စီမံကိန်းတွေလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ မလိုအပ်တဲ့ နေပြည်တော် အသုံး စရိတ်တွေကို လျှော့ချပြီး အခြေခံ လူတန်းစားတွေအတွက် လိုအပ်တဲ့ဘက်မှာ ပိုပြီး အကောင်အထည် ဖော်နေ ကြောင်းလည်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading