ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး ၁၁ ရက်နေ့အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
TNLA တပ်ဖွဲ့များက ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့ တပ်မတော် တပ်စခန်းအား ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၇ နာရီ ကျော်တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သလို တချိန်တည်းတွင်ပင် နမ့်ဆန်မြို့နှင့် မြို့နယ်အတွင်း တွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၁ ရက်နေ့ တွင် ထုတ်ပြန်သည်။
“ည ၈ နာရီခွဲမှစတင်၍ ၁၀ မိနစ်ခန့်လျှင်တကြိမ် နမ့်ဆန်မြို့ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ နှောင့်ယှက် ပစ်ခတ်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းက နမ့်ဆန်မြို့လုံခြုံရေးကို စဉ်ဆက် မပြတ် ဆောင်ရွက်နေရ ကြောင်း” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့ တပ်စခန်းအား TNLA တပ်ဖွဲ့ဝင် ၅၀ ခန့်က ၆၀ မမ စိန်ပြောင်း၊ RPG ၊ စက်လတ်များဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရ ကြောင်းလည်း တပ်မတော် ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ TNLA က နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် အနီးရှိ တာဝါတိုင်ကုန်းနှင့် ပတ္တမြားစေတီ နေရာတို့မှ နမ့်ဆန် မြို့တွင်း နှင့် တပ်မတော် လက်ဖက်ခြောက် စက်ရုံ နေရာတို့ကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သလို နမ့်ဆန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုလည်း ဆိုသည်။
နမ့်ဆန်မြို့နယ်အတွင်းရှိ ဇယမ်းကြီးရွာမ ရွာထဲသို့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိသော TNLA တပ်ဖွဲ့ဝင်များ ကားဟွန်းများတီး၍ ဝင်လာကြောင်း၊ ခြေလျှင်တပ်များလည်းပါကြောင်း ၎င်းတို့ ထွက်ခွာသွားပြီး ည ၇ နာရီ အကျော်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရွာ အပြင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း ဒေသခံ ဇယမ်းကြီးရွာမ ရွာမှ မျက်မြင်များက ဧရာဝတီသို့ ပြောသည်။
“TNLA တွေ ရွာထဲ ဝင်လာကတည်းက ရွာကလူတွေက လန့်ပြီး တံခါးတွေပိတ်ပြီး ပုန်းကြတာ။ နာရီဝက် လောက် နေပြီး ပြန်ထွက်သွားတော့ ဘာမှ မဖြစ်လောက်တော့ဘူး ဆိုပြီး စိတ်အေးသွားကြတာ။ နေ့လယ် ရောက်တော့ တပ်မတော် စစ်ကြောင်းတွေ လိုက်လာတယ်။ TNLA တွေ ရွာထဲမှာ မရှိတော့မှန်း သိတော့ ရွာအပြင်ကပဲ လှည့်ပြန်သွားတယ်။ ဒါပေမယ့် ညပိုင်းကြတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ကြတာ” ဟု ဇယမ်းကြီးရွာမ ရွာခံတဦးက ပြောသည်။
လက်နက်ကြီးများနှင့် ပတ်ခတ်ကြမှုကြောင့် ဇယမ်းကြီးရွာမ ရွာအနီးရှိ တာလောရွာမှ လက်ဖက်စက်ရုံ တရုံနှင့် ဒေသခံ အိမ်တလုံး လက်နက်ကြီး ထိမှန်ပျက်စီးသွားကြောင်း ရွာခံများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် စိုးရိမ်နေကြပြီး ကလေးများ ကျောင်းမပို့ရဲသလို အလုပ်အကိုင်များကို လည်း ဖျက်ထားရကြောင်း ဒေသခံ များက ဧရာဝတီသို့ ပြောသည်။
အလားတူ နမ့်ဆန်မြို့ နမ္မဝေါ ရပ်ကွက်ရှိ အထက (၂) စာသင်ကျောင်းကိုလည်း ယမန်နေ့ညက လက်နက်ကြီးများ ကျမှန် ပေါက်ကွဲခဲ့သဖြင့် ကျောင်းပိတ်ထားရကြောင်း၊ ဇယမ်းကြီးရွာမ အနီးတွင် နှစ်ဘက်တိုက်ပွဲ များ ယနေ့ နံနက်ပိုင်း အထိ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
TNLA အဖွဲ့သည် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ဖြင့် စုဖွဲ့ထားသော မြောက်ပိုင်း မဟာမိတ်အဖွဲ့ (Northern Alliance – Burma) တွင် ပါဝင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့သော ဟာမိတ် စစ်ဆင်ရေး ပါဝင်ခဲ့သည်။