သတင်း

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေသအတွင်း ရှောင်တခင်စစ်

ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုအတွင်း မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ တံတားတစင်းမှာ ပြင်ဆင်ပြီး တပတ်ခန့်အကြာ၌ ကျိုးပေါက်နေသည့်အတွက် ပြည်နယ်ဆောက်လုပ်ရေး အဖွဲ့မှ တံတားဆောက်လုပ်ရေး တာဝန်ခံကို အရေးယူသွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ပြောဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်က ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဌာနဆိုင်ရာများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဘီးလင်းမြို့နယ်အတွင်း ဝင်ရောက်စစ်ဆေးမှုပြုရာ ဒုတ်ကလိကျေးရွာအုပ်စုရှိ နီတိုးတံတားမှာ ကျပ်သိန်း ၁၀၀ နီးပါး ကျခံပြင်ဆင်မှုအပြီး တပတ်ခန့်အကြာတွင် ပြန်လည်ကျိုးပေါက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရသည့် အတွက် ထိုသို့သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုတံတားမှာ နိုင်ငံတော်ဘတ်ဂျက် အစီအစဉ်မှ ကျေးလက်ဖွံ့ဖြိုးရေး ဘဏ္ဍာငွေ အသုံးစရိတ်ဖြင့် ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ရန် လျာထားပြီးဖြစ်သော်လည်း တည်ဆောက်မည့်ကာလ မတိုင်မီ ကျိုးကျခဲ့သည့်အတွက် ယာယီပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်အတူ စစ်ဆေးမှုတွင် လိုက်ပါလာသည့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက “လွှတ်ထားလို့ မရတော့ဘူး။ အပေါ်က ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ အောက်ကနေ ဒီလိုပဲ ညာနေတာကို ခံနေရမယ်ဆိုရင် နောက်ကိုပြန်ဆွဲနေသလိုပဲ။ နောင်ကိုလည်း ဒီလိုပဲ စစ်ဆေးချင်တဲ့ မြို့နယ်ကို ဝင်စစ်မယ်လို့ ဝန်ကြီးချုပ်က ပြောသွားတယ်” ဟု ပြန်ပြောသည်။

လက်ရှိအချိန်၌ နီတိုးတံတား ကျိုးပေါက်မှုများနှင့် ပတ်သက်၍ တံတားဆောက်လုပ်ရေး တာဝန်ခံကို အရေးယူမည်ကြောင်းနှင့် သစ်တင်သွင်းသည့် လုပ်ငန်းရှင်ကိုလည်း Black List စာရင်းသွင်းသွားမည်ဟု ဒေါ်သီရိရတနာက ဆက်ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ခြင်း မရှိဟုဆိုကာ တိုင်းကြားခံခဲ့ရပြီး၊ ထိုသို့တိုင်ကြားခံရမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) က ၃ ဦး ကော်မတီတရပ် ဖွဲ့စည်း၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

Loading