အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြေအနေ တိမ်းစောင်းအောင်မလုပ်ရ ဟု တခါက ပြောခဲ့သော သံ အမတ် ဟောင်း တဦးကို အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ က ခန့်အပ် လိုက်သည်ဟု သမ္မတရုံး ၏ အဆိုအရ ဗုဒ္ဓဟူးနေ့က သိရသည်။
နိုင်ငံ၏အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် လူမျိုးစု လက်နက်ကိုင်များနှင့် ပဋိပက္ခများ ဆက်လက် ရင်ဆိုင်နေရပြီး မြန်မာ နိုင်ငံ အနောက်ပိုင်းတွင် နိုင်ငံတကာနှင့် အဆက်အသွယ် ရှိသော မွတ်စလင် စစ်သွေးကြွများ၏ ကြီးမားသော စစ်ဆင်ရေး များ ဖြစ်ပွားစေချိန်တွင် ထိုရာထူးသစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးသစ် ဦးသောင်းထွန်းသည် ယခင်က ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဥရောပ သမဂ္ဂ တို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူခဲ့ပြီး၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဖိလစ်ပိုင်တွင် သံအမတ်အဖြစ် တာဝန်ယူစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်တပ်၏ အငြင်းပွားဖွယ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ညီလာခံကို သပိတ်မှောက်ခြင်းနှင့် ပတ်သက်ပြီး ၂၀၀၆ ခုနှစ်က မနီလာတွင်ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ဝေဖန်ပြောကြားရာတွင် ဦးသောင်းထွန်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အခြေအနေ တိမ်းဆောင်းအောင် မလုပ်ရဟု သတိပေးခဲ့ဖူးသည်။
နိုဗဲလ် ဆုရှင်ကြီးသည် ၂၀၀၆ ခုနှစ်က နေအိမ်အကျယ်ချုပ်ဖြင့် အဖမ်းခံနေရပြီး သူ၏ ပါတီ ကိုယ်စားလှယ်များသည်လည်း ဒီမိုကရေစီ နည်းလမ်းမကျဟု ဆိုကာ ထိုအမျိုးသားညီလာခံကို သပိတ်မှောက်နေကြသည်။ နောင် ၁၁ နှစ်ကြာသော အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ဆောင်ရန် ကိစ္စ များ စာရင်းတွင် ကျန်ရှိနေဆဲဖြစ်သည်။
ဦးသောင်းထွန်းသည် ၁၉၇၂ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ဧပြီလ အငြိမ်းစား ယူချိန် အထိ ရုံးချုပ်နှင့် အမျိုးမျိုးသော ပြည်ပသံတမန် ရာထူးများတွင် လုပ်ကိုင်ခဲ့သည်။
သူသည် ပြည်ပ နိုင်ငံများဖြစ်သော ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့ အပါအဝင် ဘရပ်ဆဲလ်၊ ဂျနီဗာ၊ မနီလာ၊ နယူးယောက်နှင့် ဝါရှင်တန် တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။
သူ၏နောက်ဆုံး သံတမန်ရာထူးသည် ဘရပ်ဆဲလ်တွင် ဖြစ်ပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဥရောပသမဂ္ဂတို့ ၏ မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် ၂၀၀၈ မှ ၂၀၁၀ အထိ ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်လည်း ဖြစ်ခဲ့သည်။
ဦးသောင်းထွန်းသည် ဝန်ကြီးဌာနအတွင်း နိုင်ငံရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ် တက်ရောက် ခဲ့သည်။
ယခင်က သူသည် သဘာ၀ ပတ်ဝန်းကျင်ရေးရာ အမျိုးသားကော်မရှင် အတွင်းရေးမှူး ဖြစ်ခဲ့ပြီး မြန်မာ အစီအစဉ် ၂၁ – Myanmar Agenda 21 ဟုခေါ်သော ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို ရေးဆွဲခဲ့သူလည်း ဖြစ်သည်။
သူသည် မြန်မာ သေနင်္ဂဗျူဟာ လေ့လာရေး ကျောင်း Myanmar Institute of Strategic Studies ၏ အတွင်းရေးမှူး လည်း ဖြစ်ခဲ့သည်။
သူသည် ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ရခဲ့ပြီး ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပြင်သစ်ဘာသာ ဒီပလိုမာ ရသည်။ ဖူးဘရိုက် ပညာသင်ဆုရှင်အဖြစ် Fulbright Scholar ဝါရှင်တန်အနီး ဂျွန် ဟော့ပ်ကင်း တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးကျောင်း School of Advanced International Studies (SAIS) တွင်လည်း ၁၉၈၄ မှ ၁၉၈၅ အထိ တက်ရောက်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သူသည် Shell Myanmar Energy PTE အတွက် အစိုးရနှင့် ဆက်ဆံရေး အရာရှိအဖြစ် လုပ်ကိုင်ခဲ့သည်။
ဦးသောင်းထွန်းသည် သမ္မတနှင့် အစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး သေနင်္ဂဗျူဟာ ရှုထောင့်မှ အခြေအနေကို အကဲဖြတ်၍ အကြံဥဏ်ပေးမည်ဖြစ်ပြီး ထိုရာထူးသည် ဝန်ကြီးအဆင့်နှင့် တူညီသည်ဟု သမ္မတရုံး၏ အဆိုအရ သိရသည်။
သူသည် အရပ်သားအစိုးရက အဆင့်မြင့် ရာထူးတွင် ခန့်အပ်ခဲ့သည့် ဒုတိယမြောက် ယခင်စစ်အစိုးရ၏ အရာရှိ တဦး ဖြစ် သည်။
ပြီးခဲ့သည့် နှစ်ကလည်း တသက်တာ သံတမန်တဦးဖြစ်သူနှင့် စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူ့ အခွင့် အရေး မှတ်တမ်းကို ခုခံကာကွယ်ခဲ့သူ ဦးကျော်တင့်ဆွေကို ဒေါ်အောင်ဆန်းစုကြည် လက်အောက်မှ သြဇာကြီးမား လှသော နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သေးသည်။