ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများကို အပစ်ရပ် ၈ ဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့ ၈ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် PPST ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်း အပစ်ရပ် အဖွဲ့များက ပြောသည်။
ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက “ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ကျနော်တို့ အဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအားလုံးကို ဖြေရှင်းနိုင်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတပ်မတော် တာဝန်ရှိသူတွေနဲ့ PPST တာဝန်ရှိသူတွေ အမြန်တွေ့ဆုံဖို့ လိုအပ်တယ်။ အဲဒါကြောင့်မို့ ဒီအရေးပေါ် အစည်းအဝေးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးနိုင်ရန် PPST ဘက်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့ဝင် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရန် မေတ္တာရပ်ခံ ထားပြီးဖြစ်ကြောင်း သိရသည်။
“အမြန်ဆုံး တွေ့ဆုံနိုင်အောင်လို့ ကျနော်တို့ မေတ္တာရပ်ခံထားတယ်။ ဒုတိယ တခုကတော့ တွေ့ဆုံတဲ့ အခြေအနေမှာ အထူးသဖြင့် ကျနော်တို့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဖြစ်နိုင်ဖို့ ဦးစားပေး ဆွေးနွေးမယ်” ဟု ရဲဘော်သံခဲ က ဆိုသည်။
လော်ခီးလာတွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် PPST အရေးပေါ် အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းနိုင်ရေး၊ ၂၁ ရာစု ဒုတိယပင်လုံ အစည်းအဝေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်အောင် ဆက်လက် လုပ်ဆောင်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တတိုင်းပြည်လုံးနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်ကြောင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆောင်ရွက်နေဆဲကာလတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေမှုသည် ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာအနေအထား ဖြစ်နေကြောင်း ရဲဘော်သံခဲက ပြောသည်။
ထို့အပြင် နိုင်ငံရေးပြဿနာကြောင့် အစတည်ဖြစ်ပွားလာခဲ့သော လက်နက်ကိုင်ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် PPST အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ၎င်းက ဆက်ပြောသည်။
အပစ်ရပ် ၈ ဖွဲ့က ဇန်နဝါရီလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်၌ အပစ်ရပ် ၈ ဖွဲ့ အနေဖြင့် နိုင်ငံတော် သမ္မတဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် နှစ်သစ်မိန့်ခွန်း၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာအပေါ် အလေးအနက် ကြိုဆိုကြောင်းနှင့် ယနေ့ တိုင်းရင်းသားတရပ်လုံး လိုလားတောင့်တနေသည့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ဟု မှတ်ယူသည်ဟု ဖော်ပြထားသည်။
KNU နှင့် ABSDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လတ်တလော ဖြစ်ပေါ်နေသည့် ABSDF အဖွဲ့မှ ရဲဘော်မင်းဌေးကို မတရား အသင်းအဖွဲ့အစည်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးထားခြင်း၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေ ပါတီ (ALP) မှ အရာရှိနှစ်ဦး လက်နက်များနှင့် ဖမ်းဆီးခံထားရသည့် ကိစ္စများကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ ဒီမှာ ပြဿနာဘာပဲရှိရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့ အထိခိုက်မခံဘူးဆိုတဲ့ အဲဒီသဘောထားကို ချခဲ့တာပေါ့ဗျာ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ ရဲဘော် မင်းဌေး အဖမ်းခံထားရသည့် ကိစ္စနှင့် ALP လက်နက်မိသည့် ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နှစ်ဘက်ညှိနှိုင်း အဖြေရှာကြမည်ဟု သိရသည်။