သတင်း

ရဲဘော် မင်းဌေး အမှု ပြေလည်ရန် ABSDF မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေး အမှုကို ဆွေးနွေးသည့် လမ်းကြောင်းမှတဆင့် ညှိနှိုင်းပြီး ပြေလည်မှုရရန် မျှော်လင့်ကြောင်း ABSDF က ပြောသည်။

ABSDF အဖွဲ့သည် အပစ်ရပ်အဖွဲ့များ၏ နယ်မြေသာမက အပစ်မရပ်ရသေးသော အဖွဲ့အစည်းများ၏ နယ်မြေများတွင်ပါ တည်ရှိပြီး ထိုအခြေအနေကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးစဉ် ကတည်းက အစိုးရနှင့် တပ်မတော်တို့က သိရှိပြီးသားဖြစ်ကြောင်း NCA စာချုပ်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကိစ္စများကို အောက်ခြေ တပ်များအထိ မရောက်ရှိ၍ နားလည်မှု လွဲသည့် အနေ အထားဟု ထင်မြင်ကြောင်း ABSDF အတွင်းရေးမှူး (၁) ရဲဘော် မြင့်ဦးက ပြောဆိုသည်။

ရဲဘော် မြင့်ဦးက “NCA စာချုပ်ပါ အချက်အလက်တွေ၊ JMC ဆိုင်ရာကိစ္စတွေ၊ နှစ်ဘက် စစ်တပ်တွေလိုက်နာရမယ့် Code of Conduct တွေကို အောက်ခြေ တပ်မှူးတွေ အထိ ထဲထဲဝင်ဝင် သိထားဖို့လိုတယ် ဆိုတာကိုတော့ မြင်မိတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ABSDF မြောက်ပိုင်း တပ်ဖွဲ့၏ ကော်မတီဝင်လည်း ဖြစ်သည့် ရဲဘော် မင်းဌေး လွတ်မြောက်ရေး အတွက် JMC ၏ အကူ အညီ ဖြင့် ABSDF အတွင်းရေးမှူး (၁) ရဲဘော် မြင့်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်မြို့ရှိ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံပြီး ဗန်းမော် အကျဉ်းထောင်တွင် ရဲဘော် မင်းဌေးနှင့်လည်း တွေ့ဆုံခွင့် ရရှိခဲ့သည် ဟု ဆိုသည်။

ထိုသို့ တွေ့ဆုံနိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အသီးသီးက ကူညီပေးခဲ့သလို ရဲဘော် မင်းဌေးလည်း ကျန်းမာရေး ကောင်းမွန်စွာ တွေ့ရှိခဲ့ရကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့သော ABSDF အတွင်းရေးမှူး (၁) ရဲဘော် မြင့်ဦး က ပြော သည်။

ရဲဘော် မင်းဌေးကို NCA လက်မှတ် မထိုးရသေးသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ကချင်ပြည်နယ် ဗန်းမော်ရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ က တရားလိုပြုလုပ်၍ မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် အမှုဖွင့်ထားကြောင်း၊ မိုးမောက် တရားရုံးတွင် ယခုလ ၁၃ ရက်နေ့တွင် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။

“တရားရုံးမထုတ်ခင်မှာ တရားလိုလုပ် တိုင်ကြားထားတဲ့ စကခ ၂၁ တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ ရှိပါတယ်။ အခြေအနေက အဲဒီမှာ ပြေလည်ကောင်း၊ ပြေလည်နိုင်ပါတယ်”ဟု ရဲဘော် မြင့်ဦး က ပြောသည်။

ရဲဘော် မင်းဌေး သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ လူထု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲများ လုပ်ဆောင်ရန် အဖွဲ့တွင်း အစည်းအဝေးမှ အပြန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေက ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ် အရောက်အတွင် တပ်မတော်၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရဲဘော် မင်းဌေး ကို ABSDF အဖွဲ့ဝင်ဖြစ်၍ ဖမ်းဆီးခြင်းမဟုတ်ကြောင်း၊ ရဲဘော်မင်းဌေး၏ ထွက်ဆိုချက်အရ KIA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေချိန် KIA အကျိုးအတွက် ဆောင်ရွက်ချက် တချို့ရှိသဖြင့် အရေးယူရခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောဆိုကြောင်း ယခုလ ၅ ရက်နေ့က ဖော်ပြခဲ့သည့် RFA သတင်းတွင် တွေ့ရှိရသည်။

အစိုးရက ၎င်းတို့အပေါ်မှာ NCA လက်မှတ် ထိုးလိုက်ကတည်းက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ကို တရားဝင် ဖျက်သိမ်းပေးလိုက်ပြီဖြစ်၍ ၎င်းတို့အနေဖြင့် နိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆို၊ သွားလာနိုင်ကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ အပစ်ရပ် အဖွဲ့မှ တာဝန်ရှိသူတဦးအား ဖမ်းဆီးလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်မှု မဖြစ်စေလိုကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ က ပြောဆိုသည်။

ရဲဘော် သံခဲက “ဒါဟာ အားလုံးအတွက် မကောင်းတဲ့ လက္ခဏာဖြစ်တယ်။ တပ်မတော် အတွက်ရော၊ အစိုးရအတွက်ရော၊ ကျနော်တို့ NCA လက်မှတ်ထိုးထားတဲ့ လူတွေအတွက်လည်း မကောင်းသလို လက်မှတ်မထိုးထားတဲ့ သူတွေအတွက် လည်း ပိုပြီးတော့တောင် စိုးရိမ်မှု ရှိနေကြမှာ ဖြစ်တာကြောင့် ဒါဟာ အကောင်းထက် အဆိုးဘက်ကို ရောက်သွားမှာကို စိုးရိမ်လို့ အခုလိုမျိုး အမြန်ဆုံး ချည်းကပ် ဆောင်ရွက်နေရတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ABSDF သည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် လက်မှတ် ထိုးထားသော အဖွဲ့ ဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ရဲဘော် မင်းဌေးသည် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကာလ အတွင်း ကမ္ဘာကျော် Hollywood ရုပ်ရှင် မင်းသား Sylvester Stallone ရိုက်ကူးထုတ်လုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ထားသည့် “Rambo 4” ရုပ်ရှင်တွင်လည်း ပါဝင် သရုပ်ဆောင် ထားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် “The Lady” ရုပ်ရှင်ကားတွင် လည်း ပါဝင် သရုပ်ဆောင် ထားသည်။

ထို့အပြင် မြန်မာ ဗီဒီယိုကားများဖြစ်သည့် “အမေတွေ အသဲကွဲတဲ့မြေ”၊ “အဖေ့ကျောင်း”၊ “ချွတ်ချော်တဲ့ လွှတ်တော်”၊  “ဇွတ်ခေါ်တဲ့လွှတ်တော်” စသည့် ဇာတ်ကားများတွင်လည်း ပါသရုပ်ဆောင်ခဲ့သူဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading