ဧရာဝတီတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန၏ ၂၀၁၆ ခုနှစ် မှတ်တမ်းများ အရ တိုင်းအတွင်း တရက်လျှင် ယာဉ် မတော်တဆမှု ၅ မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် ရက်သတ္တ ၁ ပတ်လျှင် လူ ၉ ဦးနှုန်း အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“တိုင်းအတွင်းမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက ဆိုင်ကယ်တွေ ဖြစ်တယ်။ ၂၀၁၆ ခုနှစ် စာရင်းအရ ဆိုရင် ယာဉ်မတော်တဆမှုက တရက်ကို ၅ မှုနှုန်း ဖြစ်နေပြီးတော့ လူသေဆုံးက တရက်ကို ၁ ဦးနှုန်း ကျော်တဲ့ အနေအထား ဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၂၀၇၅ မှုဖြစ်ခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရသူ ၃၆၄၂ ဦးရှိကာ လူ ၄၆၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင် ယာဉ်တိုက်မှု ၃၄၄ မှု ပိုမိုဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာသူ ၂၉၇ ဦးတိုးလာကာ ၉၇ ဦး ပိုမိုသေဆုံးခဲ့သည်။
“ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးတဲ့ ဖြစ်စဉ်တွေကို ကြည့်တဲ့အခါမှာ နံပါတ် ၁ က ဦးထုပ် မဆောင်းလို့ ဖြစ်တယ်။ နံပါတ် ၂ ကတော့ အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်ခြင်း တွေကြောင့် အသက်သေဆုံးရတာ ဖြစ်တယ်။ ပြီးတော့ ဆိုင်ကယ်ကို ၃ ယောက် ၄ ယောက်စီးတာတွေကြောင့်လည်း သေကြတာတွေ ရှိနေတယ်” ဟု ညွှန်ကြားရေးမှူး ဦးဝင်းတင်က ပြောသည်။
ဧရာဝတီတိုင်းတွင် ပုသိမ်ခရိုင်မှာ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားသည့် ဒေသဖြစ်ပြီး မအူပင်ခရိုင်မှာ ဒုတိယ အများဆုံး ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုအများဆုံးမှာ မအူပင်ခရိုင် ဖြစ်ပြီး ပုသိမ်ခရိုင်က ဒုတိယ အများဆုံး ဖြစ်သည်။
“မအူပင်မှာက ယာဉ်တိုက်မှုက အဝေးသင်တက္ကသိုလ် တက်ကြတဲ့ အချိန်မှာ အများဆုံး ဖြစ်တယ်။ ကျောင်းတက်ဖို့ အတွက် နယ်စုံကနေ ဆိုင်ကယ်အစီးပေါင်း ရာနဲ့ချီပြီး မအူပင်ရောက်လာကြတယ်။ ပြီးရင် မြို့ပေါ်က လမ်းတွေ အနေအထား မသိဘဲ မူးယစ်သောက်စားပြီး ရမ်းမောင်းတော့ ယာဉ်တိုက်မှုတွေ ဖြစ်ကုန်ရော။ တာဝန်ရှိတဲ့ အဖွဲ့တွေ က ပညာပေးတာတွေ ဖမ်းဆီးတာတွေ လုပ်ပေမယ့် သိပ်ဂရုမစိုက်တဲ့ အနေအထားမျိုး တွေ့ရတယ်”ဟု မအူပင်မြို့ခံ ကိုသိန်းဆွေက ပြောသည်။
ဧရာဝတီတိုင်း အတွင်း ယာဉ်တိုက်မှု လျော့ကျစေရေး အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးမှု လုပ်ငန်းများကို အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များနှင့် ကျေးလက်ဒေသများတွင်ပါ တိုးမြှင့်လုပ်ဆောင် သွားရန် ပြင်ဆင်ထားပြီး ခရီးသည်တင် လိုင်းကားမောင်းသူများနှင့် ယာဉ်နောက်လိုက်များကိုလည်း စနစ်တကျ ပညာပေးမှုများ၊ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဧရာဝတီတိုင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
ဧရာဝတီတိုင်းတွင် ၂၀၁၆ ခုနှစ် နှစ်ချုပ်စာရင်းများအရ ကားအစီးရေ ၁၇၅၀၀ ကျော်နှင့် ဆိုင်ကယ်အစီးရေ ၄ သိန်း ၇ သောင်းကျော် မှတ်ပုံတင်ထားပြီး ၂၀၁၂ ခုနှစ်ကထက် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ၃ သိန်း ၆ သောင်းကျော် တိုးမြင့်လာကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ် အရေအတွက်နှင့် ဧရာဝတီတိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲ အရေအတွက် အချိုးမှာ ယာဉ်ထိန်းရဲ တဦးလျှင် မော်တော်ယာဉ် ၃၇၉၅ စီး တာဝန်ယူထားရသည့် အခြေအနေ ရှိနေကြောင်း ဧရာဝတီတိုင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။