မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွက် အသစ်ရွေးချယ် ခန့်အပ်လိုက်သည့် မန်းစည်ပင် ကော်မတီ ဝင်များတွင် ဒေသခံလူထုနှင့် နီးစပ်သည့် ပညာရှင်တချို့ ပါဝင်လာကြောင်း သိရသည်။
“တိုက်ရိုက် ခန့်လိုက်တဲ့ ကော်မတီဝင်တွေထဲမှာ မြို့ခံတွေနဲ့ ရင်းနှီးတဲ့သူတွေ ပါသွားလို့ သဘောကျတယ်။ ဒါပေမယ့် သူတို့ကလည်း အရင်လမ်းဟောင်းကို မလိုက်ဘဲ ကိုယ်တိုင်ထိုးဖောက်ပြီး ပြောင်းလဲမှုတွေ လုပ်လာရင် တကယ်ကို မြို့အတွက် ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်”ဟု မန္တလေးကုန်စည်ဒိုင် အဖွဲ့ဝင် ဦးအောင်ဆွေဟိန်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ကော်မတီဝင်သစ် ၁၁ ဦးကို ခန့်အပ်ခဲ့ရာတွင် ကော်မတီဝင် ၅ ဦးသည် တိုင်းအစိုးရအဖွဲ့က တိုက်ရိုက် ခန့်အပ်သူများဖြစ်ပြီး ၆ ဦးသည် တမြို့နယ် လျှင် တဦးဖြင့် ရွေးကောက် တင်မြှောက်ခံရခြင်း ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်သည့် ကော်မတီဝင် ၅ ဦးမှာ ဦးရဲမြတ်သူ (အိုင်တီပညာရှင်)၊ ဦးကျော်ဆန်းမြင့် (ခ) ဦးကျော်ရင့်မြင့် (စာရေးဆရာ)၊ ဦးအောင်ကျော်ထွန်း (ဥပဒေ)၊ ဒေါ်မြင့်မြင့်သန်း (အင်ဂျင်နီယာ)၊ ဒေါက်တာ သစ်ဆင်း (ဆရာဝန်)တို့ ဖြစ်ပြီး ဦးကျော်ရင်မြင့်နှင့် ဦးရဲမြတ်သူတို့သည် လူသိများသည့် မြို့ခံများ ဖြစ်ကြသည်။
အရွေးချယ်ခံ ကော်မတီဝင် ၆ ဦးမှာ ဦးခိုင်မြင့် (အောင်မြေသာစံ)၊ ဦးကျော်ဇေယျ (ချမ်းအေးသာစံ)၊ ဦးကျော်ဇောအောင် (မဟာအောင်မြေ)၊ ဦးဇော်မျိုးလွင် (ချမ်းမြသာစည်)၊ ဦးစောဟန် (ပြည်ကြီးတံခွန်)၊ ဦးရဲမွန် (အမရပူရ) တို့ ဖြစ်သည်။
ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က “လောလောဆယ် အထိတော့ ကော်မတီဝင် အသစ်တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေလည်း မရှိသေးတော့ ဝေဖန်ဖို့ တော်တော် စောပါသေး တယ်။ သူတို့ လုပ်ရည်ကိုင်ရည်ကို အချိန်တခု စောင့်ကြည့်ပြီးရင်တော့ အများမျှော်လင့်သလို ဖြစ်လာ၊ မဖြစ်လာ သိရမှာပါ၊ စည်ပင်ကောင်းရင် မြို့ရွာကောင်းမှာပဲ”ဟု ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အသစ်များတွင် မြို့လူထုနှင့် နီးစပ်သည့် ပညာရှင်တချို့ ပါဝင် လာသည့်အတွက် မြို့ကောင်းကျိုးကို ယခင်ကထက် ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု မန္တလေးမြို့ခံ အများစုက မျှော်လင့် နေကြကြောင်း သိရသည်။
မန္တလေးမြို့က စီးပွား/စီမံ ခန့်ခွဲရေး အကြံပေး ဦးစိုးမြင့်သန်း (ကောင်းလွန်း) က “မြို့အတွက် ပိုကောင်းလာမယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်။ ဒီလူတွေက စားဖို့လာတာ မဟုတ်ဘူး။ အလုပ်လုပ်ဖို့လာတဲ့ လူတွေလေ။ အလှူစကားနဲ့ ပြောရရင် မုန့်စားပြီး ပြန်သွားမယ့် သူတွေမဟုတ်ဘဲ တကယ်ကို ဆားဗစ်ပေးမယ့်သူတွေလို့ မြင်တယ်”ဟု ပြောသည်။
နိုင်ငံတကာတွင် မကျွမ်းကျင်သေးသည့် မည်သည့်နယ်ပယ်မဆို လေ့လာရန်ရည်ရွယ်၍ ရက်ပေါင်း ၉၀ အချိန်ပေးထား ပြီး ၆ လအတွင်း လုပ်ရည်ကိုင်ရည်ကို အကဲခတ်နိုင်မည့် အနေအထားတခု ရောက်ရှိနိုင်မည် ဖြစ်သောကြောင့် ပထမ ၆ လအတွင်း များစွာ မျှော်လင့်ချက် မထားသင့်သေးကြောင်းလည်း ဦးစိုးမြင့်သန်းက ဆက်ပြောသည်။
ကော်မတီဝင် ၁၁ ဦး အားဖြည့်လိုက်သည့် မန်းစည်ပင် ကော်မတီသည် လက်ရှိ ၅ နှစ်တာ ကာလအတွင်း မန္တလေးမြို့ ၏ ရေမြောင်းစနစ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်၊ အမှိုက်သိမ်း စနစ်၊ ယာဉ်ကြောပိတ်ဆို့သည့် ပြဿနာ တို့ကို အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် မြို့ခံများက ဆန္ဒရှိနေကြကြောင်း သိရသည်။
မန္တလေးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စိမ်းရောင်စို အရပ် ဘက် အဖွဲ့အစည်း ဦးဆောင်သူ ဦးမောင်မောင်ဦးက “လူထုက ဘာတွေ ဖြေရှင်းစေချင်သလဲ၊ ဘာတွေ အခက်အခဲ ရှိသလဲ ဆိုတဲ့ အောက်ခြေ အခင်းအကျင်းတွေကိုသိမှ ရပါမယ်။ သိအောင်လုပ်ဖို့လည်း လိုပါတယ်။ မြို့လူထုရဲ့ စိတ် ဆန္ဒကို အနီးကပ်ချဉ်းကပ်ပြီး ခြုံငုံမိအောင် လုပ်နိုင်ရင်တော့ လူထုမျှော်လင့်ထားသလို ဖြစ်လာပါလိမ့်မယ်”ဟု ပြော ဆိုသည်။