မနွယ်က ဘောလုံး အရွယ်ခန့်ရှိသည့် ကျောက်တုံးတတုံးကို သူ့ခြေထောက်နားတွင် ချလိုက်သည်။ ထို့နောက် သူ့ ခေါင်းပေါ်က ဝါးခမောက်ကို နေရာတကျဖြစ်အောင် ပြုလုပ်၍ မေးသိုင်းကြိုးကို တင်းတင်းချည်လိုက်သည်။
“ပြုတ်ကျလို့ မဖြစ်ဘူး။ နေမြင့်လာတာနဲ့ ပိုပို ပြီး ပူလာတာပဲ” ဟု နေလုံးကြီးကို ငေးကြည့်ရင်း ရှင်းပြသည်။
သူက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ပြင်ဘက်တွင် လမ်းခင်းနေသော အမျိုးသမီး အလုပ်သမား ၂၀ ခန့်ထဲမှ တ ယောက် ဖြစ်ပါသည်။ သို့သော်လည်း ဒီအလုပ်က သူ၏ ပင်မ အလုပ်မဟုတ်ပါ။
ပုံမှန်အားဖြင့် မနွယ်က စပါးနှင့် နှမ်းစိုက်ပျိုးသည့် တောင်သူ တယောက်ဖြစ်ပါသည်။ သို့သော်လည်း ယခုနှစ်တွင် လွန်ခဲ့ သော ၂ လခန့်က ရွာသွန်းခဲ့သော မိုးက အားလုံးနီးပါးကို ဖျက်ဆီး ပစ်ခဲ့သည်။
ပုံမှန် မဟုတ်သည့် ပြင်းထန်သော မုတ်သုန်မိုးက လယ်ကွင်းများနှင့် မြေဆီလွှာကို ပျက်စီးစေခဲ့ပြီး အမျိုးသားများက ကျောက်တူးသမားများ သို့မဟုတ် ဆောက်လုပ်ရေး လုပ်သားများအဖြစ် လုပ်ကြရဖို့ ဖြစ်လာသည်။ နေအိမ် နှင့် အလွန် ဝေးသည့် နေရာများသို့ သွားရောက် လုပ်ကိုင်ကြရသည်။ ထိုအခါတွင် အိမ်ထောင့်ဝင်ငွေ ဖြည့်တင်းရေး တာဝန်က မနွယ်တို့လို အမျိုးသမီးများပေါ်သို့ ရောက်လာသည်။ သူတို့သည်လည်း လယ်ယာ လုပ်ငန်း မဟုတ်သည့် အခြားသော အလုပ်များကို လုပ်ပြီး တဖက်တလမ်းက ဝင်ငွေရှာကြရသည်။
“ကျမတို့ မြေက တော်တော်လေးကို ပျက်စီးသွားတဲ့အတွက် ခုချိန်မှာ ကျမတို့ ဘာမှ စိုက်လို့ မရဘူး။ ဒါကြောင့် ကျမက တခြားအလုပ်ရှာခဲ့ရတာပါ” ဟု မနွယ်က Thomson Reuters Foundation သို့ပြောခဲ့သည်။
ရာသီဥတုပြင်းထန်မှု ပိုများလာသည်ကို ရင်ဆိုင်နေရသည့် အသိုင်းအဝိုင်းများ အထူးသဖြင့် အမျိုးသမီးများကို ကူညီခြင်း က ကမ္ဘာ့နေရာ အများအပြားတွင် စိန်ခေါ်မှုတခု ဖြစ်သည်။ သို့သော်လည်း သီးနှံများ မအောင်မြင်သည့် အချိန်တွင် အလုပ်ကြမ်း လုပ်ခြင်းက အမျိုးသမီးများအတွက် အခြားနည်းလမ်းတခု ဖြစ်လာနေသည်။
နှစ် ၅၀ နီးပါးကြာမြင့်ခဲ့သည့် စစ်အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အမှား အယွင်းများကြောင့် မြန်မာနိုင်ငံမှ လမ်းများ ဖရိုဖရဲဖြစ်ခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် လမ်းဖောက်လုပ်ရေး လုပ်ငန်းများ အလွန်တိုးတက်လာခဲ့သည်။
“ဆောက်လုပ်ရေး ကုမ္ပဏီတွေက အမြဲတမ်း အလုပ်သမား အသစ်တွေ ရှာနေကြတယ်။ ဒါပေမယ့် လစာမကောင်းဘူး။ အမျိုးသားတွေက ကျမတို့ထက် ပိုရတယ်” ဟုမနွယ်က ပြောသည်။
လမ်းအလုပ်သမားတယောက် အနေဖြင့် သူက တနေ့လျှင် ၃၀၀၀ ကျပ် ရရှိပါသည်။
အမျိုးသားများကတော့ ပျမ်းမျှအား ဖြင့် ၃၅၀၀ ကျပ်ခန့် ရကြောင်း သူက ထပ်ပြောသည်။
“မနှစ်တုန်းက ကျမတို့ မိုးကောင်းကောင်း မရလိုက်ဘူး။ ဒီနှစ်ကျတော့လည်း မိုးများလွန်းတယ်။ ဘာကိုမျှော်လင့်ရမလဲ ဆိုတာကိုတောင် မသိနိုင်အောင် ဖြစ်လာတယ်” ဟု မနွယ်က မျက်နှာမှ ချွေးများကို သုတ်ရင်း ပြောသည်။
“လယ်စိုက်တာက ကျမတို့ မိသားစုကို ကျွေးနိုင်တယ်။ ဒါပေမယ့် ဒီအလုပ်ကတော့ မရဘူး။ ကျမကတော့ ကိုယ်ပိုင်စီးပွား ရေး အနေနဲ့ လယ်ပဲ စိုက်ချင်ပါတယ်။”
ဆင်းရဲနွမ်းပါးမှု ဖြေရှင်းရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည့် ActionAid Myanmar မှ အစီအစဉ် အရာရှိ တဦးဖြစ်သော George Moo က “ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အမျိုးသမီးတွေ၊ ကလေးတွေက အမျိုးသားတွေ ထက်ပိုခံရတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးသားတွေက အလုပ်ပိုရနိုင်ပြီး ဝင်ငွေလည်း ပိုများလို့ဖြစ်ပါတယ်” ဟု ပြောသည်။
“ဒါကြောင့် ဘေးအန္တရာယ် တခုခုကျရောက်လာတဲ့အခါ အမျိုးသမီးတွေအတွက် ရွေးချယ်စရာက အမျိုးသားတွေထက် ပိုပြီး အကန့်အသတ် ရှိနေပါတယ်” ဟု သူက ဆက်ပြောသည်။
ထိုသို့ဖြစ်ရခြင်းကို ကုစားပေးနိုင်ရန် အတွက် ActionAid Myanmar က မိတ္ထီလာ တဝိုက်ရှိ ကျေးရွာများမှ အမျိုးသမီးများက ကိုယ်ထူကိုယ်ထ ကူညီပေးနိုင်မည့် အဖွဲ့များ ဖွဲ့စည်းနိုင်ရန် ကူညီပေးခဲ့သည်။
အဖွဲ့များ၏ ရည်ရွယ်ချက်မှာ ဒေသခံအမျိုးသမီးများ အနေဖြင့် စီးပွားရေးအရ တည်ငြိမ်မှုနှင့် အမှီအခိုကင်းမှု ပိုမိုရရှိရန် ဖြစ် သည်။ သို့မှသာလျှင် လမ်းဖောက်လုပ်ရေးတွင် နေ့စားအလုပ်သမား အဖြစ် ဝင်ရောက်လုပ်ကိုင်ရသည့် အဖြစ်မျိုးကို ရှောင် လွှဲနိုင်မည် ဖြစ်သည်။
စီမံကိန်းသည် ဗြိတိန် အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် Building Resilience and Adaptation to Climate Extremes and Disasters (BRACED) အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်ပါသည်။
အမျိုးသမီးများက အပတ်စဉ်တွေ့ဆုံ၍ အဖွဲ့၏ စုဆောင်းငွေအတွင်းသို့ ၁၀၀၀ ကျပ်စီ ထည့်ဝင်ကြရပါသည်။ အဆိုပါ စုဆောင်းငွေထဲမှ နေ၍ အဖွဲ့ဝင်များကို နည်းပါးသော အတိုးနှုန်းဖြင့် ပြန်လည် ထုတ်ချေးပေးသည်။
ရံပုံငွေများကို စီမံခန့်ခွဲသည့် ကော်မတီတွင် အဖွဲ့ဝင် အမျိုးသမီး ၅ ဦးက ၆ လတကြိမ် အလှည့်ကျ တာဝန်ယူရပါသည်။
“ဒီလို စုဆောင်းတဲ့ အလေ့အထ တခုက မြန်မာနိုင်ငံမှာ ရှိပြီးသားပါ။ မိသားစုတွေက ထမင်းမချက်ခင် ဆန်တဇွန်းစာကို နောက်ပိုင်းမှာ တခြားသူတွေကို လှူဒါန်းဖို့ အတွက် ဖယ်ပြီး စုထားလေ့ရှိကြပါတယ်” ဟု George Moo က ပြောသည်။
“ကျနော်တို့က ဒီအလေ့ အထကို အမျိုးသမီးတွေရဲ့ ဝင်ငွေ အတွက် အသုံးချဖို့ ကြိုးစားနေပါတယ်။ အပိုဝင်ငွေရှိလာရင် လှူလိုက်မယ့် အစား အနာဂတ်အတွက် အဲဒါကို စုထားရပါမယ်။”
စုဆောင်းငွေမှ ရရှိလာသည့် အတိုးများကို ဒေသတွင်း အခြေခံအဆောက်အဦးများ တိုးတက်ရေး အတွက် သုံးစွဲခဲ့သည်။ ဥပမာအားဖြင့် အများသုံး ရေတွင်းများ တူးဖော်ခြင်း ဖြစ်သည်။
တောက်ပသည့် အစိမ်းနှင့် အပြာရောင် ဝတ်ဆင်ထားပြီး သေးသေးသွယ်သွယ် အမျိုးသမီးတယောက် ဖြစ်သည့် မခင်ဆွေဝင်းက စာအုပ်ထူထူတအုပ်၏ နာမည်များ၊ နံပါတ်များ နှင့် ပြည့်နေသည့် စာမျက်နှာများကို လှန်ပြပါသည်။
သူက သူတို့ ကျေးရွာမှ ကိုယ်ထူကိုယ်ထ ကူညီရေး အဖွဲ့၏ ကော်မတီတွင် တာဝန် ယူရန် အလှည့်ကျသူ ဖြစ်သည်။
“ရာသီဥတုကလည်း ခန့်မှန်းလို့ မရဘဲ ကျမတို့ သီးနှံပင်တွေသေသွားတဲ့ အခါမှာ ကျမတို့ ပိုက်ဆံချေးဖို့ လို လာပါ တယ်။ ပြဿနာကတော့ များသောအားဖြင့် ကျမတို့က အတိုးနှုန်း များများယူတဲ့ ငွေတိုးပေးတဲ့ သူတွေဆီက ယူရပါတယ်” ဟု သူက ရှင်းပြသည်။
ပြီးခဲ့သည့် နှစ်အတွင်းတွင် မိုးခေါင်မှု နှင့် ရေလွှမ်းမိုးမှုများကြောင့် မခင်ဆွေဝင်း၏ ဝင်ငွေ ၄ ပုံ ၃ ပုံခန့် လျော့ကျသွား သော် လည်း အခြားသော အမျိုးသမီး အများအပြားကဲ့သို့ လမ်းဖောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်ကြမ်း ဝင်လုပ်ရန် မလိုဘဲ ကိုယ်ထူကိုယ်ထ ကူညီရေး အဖွဲ့ ကြောင့် သူ ရပ်တည်နိုင်ခဲ့သည်။
အဖွဲ့၏ အစိတ်အပိုင်းတခု အဖြစ် ပါဝင်ရခြင်းကြောင့် သူနှင့် အခြားအမျိုးသမီးများအတွက် ယုံကြည်မှုရှိစေခဲ့သည်ဟု သူက ထပ်ပြောသည်။
“ဒီမှာက အမျိုးသမီးတွေက ခေါင်းဆောင်နေရာ ယူတာ နည်းပါတယ်။ တကယ်လို့ ခေါင်းဆောင် လုပ်တယ်ဆိုရင်တောင် ရေရှည် ဆက်လုပ်ဖို့ ယုံကြည်မှု လုံလုံလောက်လောက် မရှိကြဘူး။ ဒီအဖွဲ့က ရွာမှာ ကျမတို့ရဲ့ သြဇာ ကို တည်ထောင် ပေးတယ်လို့ ကျမခံစားရတယ်။ အခုဆိုရင် တခါတလေမှာ အမျိုးသားတွေကတောင် ကျမတို့ဆီကိုလာပြီး ပိုက်ဆံကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ အကြံဉာဏ်တောင်းကြတယ်” ဟု မခင်ဆွေဝင်း ကပြောသည်။
( Reuters သတင်းဌာနမှ Savings Spare Women From Labor in Burma ကို ဘာသာပြန်သည်)