သတင်း

ရခိုင်ပြည်နယ်ရှိ မီးမရရှိသေးသည့် နေရာများအတွက် ဆက်လက်လုပ်ဆောင်နေ

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဒုတိယဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်တခုဖြစ်သည့် ရခိုင်ပြည်နယ် မီးလင်းရေး အစီအစဉ်ကို အစိုးရသစ်အဖွဲ့ ဆောင်ရွက်လျက်ရှိရာ၌ မကြာမီကာလအတွင်း မြို့ ၅ မြို့၊ ကျေးရွာပေါင်း ၁၇၅ ရွာနှင့် အိမ်ထောင်စုပေါင်း ၄၃,၇၀၄ ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ရခိုင်မှာ ၂၀၁၄ ခုနှစ်ကစပြီး ဖြန့်ဖြူးလာတာ မြို့ပေါင်း ၁၁ မြို့၊ ကျေးရွာပေါင်း ၁၄၁ ရွာ မီးရနေပြီ” ဟု နေပြည်တော် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမြင့်သူက ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တော၊ အမ်း၊ တပ်တောင်၊ မြေပုံ၊ ကမ်းတောင်ကြီး၊ မင်းပြားမြို့နယ်များ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျိန်တလီ၊ ဂွမြို့များတွင် ၆၆ KV ဓာတ်အားခွဲရုံများကို ဆက်လက် တည်ဆောက်နေပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

“ရခိုင်မှာ၂၀၁၆ ခုနှစ်၊ မတ်လအထိ အိမ်ထောင်စု ၁၂ ဒသမ ၉၄ ရာခိုင်နှုန်း မီးရသွားပြီ။ ၂၀၁၆ မတ်လကနေ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၆၅, ၉၇၁ မီးလင်းပြီ။ လူဦးရေရဲ့ ၁၄.၃၅ ရာခိုင်နှုန်းပေါ့။ အစိုးရသစ် လက်ထက်မှာ တိုးတက်လာတဲ့ မီးလင်းမှုက အိမ်ထောင်စုပေါင်း ၆, ၄၉၂ ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ၁.၄၁ ဖြစ်တယ်”ဟု အင်ဂျင်နီယာချုပ် ဦးမြင့်သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး၊ ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး လုပ်ငန်းများ အကောင်အထည်ဖော်ပြီးပါက မြို့ ၅ မြို့၊ ကျေးရွာ ၁၇၅ ရွာ၊ အိမ်ထောင်စု ၄၃,၇၀၄ စု လျှပ်စစ်မီး ထပ်မံရရှိတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိရာတွင် မီးမလင်းသည့် မြို့နယ်များ ရှိနေသေးကြောင်း၊ မြေပုံမြို့နယ်တွင် မီးတိုင်များ စိုက်ထူခြင်း၊ မီးကြိုးတန်များ သွယ်တန်းခြင်းတို့ကို ဆောင်ရွက်နေသော်လည်း ၂၀၁၈ ခုနှစ် ရောက်ရှိမှသာလျှင် မီးရရှိမည်ဟု ကြားသိနေရကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

“ရခိုင်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်ကို ရောင်းစားနေပြီး ဒေသကိုကျတော့ မီးလင်းအောင် ဆောင်ရွက် မပေးဘူးဆိုတဲ့ ပြည်သူ့အသံက ရှိတယ်။ မီးလင်းဖို့လည်း လူထုက တောင်းဆိုနေတာ ကြာပြီ။ အခုလည်း ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ရရှိမှု အပေါ်မှာ မူတည်နေတယ်ဆိုတော့ သိပ်အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် မီးလင်းစေချင်တယ်” ဟု ဦးဖေသန်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့အနီးရှိ မိုင် ၇၀ ခန့် ရှည်လျားသည့် သူဌေးချောင်းပေါ်တွင် သူဌေး ရေအားလျှပ်စစ် စီမံကိန်းကို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ထိုစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ ကို ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးသို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်ရှိကြောင်း ထိုစီမံကိန်း၏ ညွှန်ကြားရေးမှူး ဦးမြသူရက ပြောသည်။

သူဌေး ရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်ရာ၌ မြို့ပြဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော် ရန်ပုံငွေ၊ နည်းပညာပိုင်း ဆိုင်ရာလုပ်ငန်း များကို နော်ဝေနိုင်ငံ Norwegian Water Resource and Energy Directorate (NVE) ၏ အကူအညီနှင့် စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ EXIM ဘဏ် ချေးငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading