သတင်း

မွန်နှင့် ကရင် လက်နက်ကိုင်များကြား တိုက်ပွဲ ဖြစ်၊ လေးဦးဒဏ်ရာရ

မွန်နှင့် ကရင် လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားပြီး မွန်လက်နက်ကိုင် တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

ထားဝယ်မြို့နယ်အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် Karen National Liberation Army (KNLA)မှတပ်ဖွဲ့ဝင်များ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် Mon National Liberation Army (MNLA) ၏ စခန်းတခုကို ဗုဒ္ဓဟူးနေ့ နံနက်စောစောတွင် တိုက်ခိုက်ကြသည်။ KNLA တပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့ နေလည်ပိုင်းတွင်လည်း အခြားသော MNLA စခန်းများကို ထပ်မံတိုက်ခိုက်ကြသည်ဟု MNLA ၏နိုင်ငံရေး အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) ပြောခွင့်ရသူ၏ အဆိုအရ သိရသည်။

“KNLA က ကျနော်တို့စခန်းကို ပထမအကြိမ် တိုက်ခိုက်မှုမှာ စစ်သားတယောက် ဒဏ်ရာရတယ်၊ ဒုတိယ တိုက်ခိုက်မှုမှာ နောက်သုံးယောက် ဒဏ်ရာရတယ်” ဟု NMSP ၏ အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှက ပြောသည်။

ဒဏ်ရာရသူများအနက်မှ လက်တွင် ဒဏ်ရာရသောစစ်သားကို ရေးမြို့နယ်ဆေးရုံတွင် ကုသနေပြီး အခြားဒဏ်ရာရသူများမှာ အပြင်းအထန် ဒဏ်ရာမရသဖြင့် ၎င်းတို့၏ စခန်းများတွင်သာ ကုသမှုခံယူသည်ဟု နိုင်ဝင်းလှက ပြောသည်။

MNLA နှင့် ကရင်အမျိုးသားအစည်းအရုံး Karen National Union (KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA တို့သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ပိုင်နက်အငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်နေကြသည်။ ထိုအဖွဲ့ ၂ ဖွဲ့လုံးမှ အဖွဲ့ဝင်များသည် ထားဝယ်ရှိ ရပ်ရွာများတွင် အတူတကွနေထိုင်နေသူများ ဖြစ်ကြသည်။

နိုဝင်ဘာလမှစ၍ ယင်းလက်နက်ကိုင် ၂ ဖွဲ့အကြား တိုက်ပွဲ အနည်းဆုံး လေးကြိမ်ဖြစ်ပွားခဲ့သည်။ နှစ်ဘက်ခေါင်းဆောင်များက အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ထိုဆွေးနွေးပွဲများမှ နယ်နမိတ်ဆိုင်ရာ သဘောတူညီမှု မရပေ။

“နောက်တကြိမ် ထပ်ဆွေးနွေးဖို့ ကျနော်တို့ သူတို့ကိုပြောထားပေမယ့် သူတို့က အကြောင်းမပြန်သေးဘူး” ဟု နိုင်ဝင်းလှက ပြောသည်။

ဧရာဝတီသတင်းဌာနက KNLA ခေါင်းဆောင်မျာနှင့် ဆက်သွယ်ခဲ့သော်လည်း ထားဝယ်ရှိ KNLA ဆက်သွယ်ရေးရုံးများအနက်တခုက ထိုတိုက်ပွဲအတွက် ဆွေးနွေးခွင့်မရှိဟု ပြောကြားခဲ့သည်။

ယခင်ကလည်း မွန်နှင့် ကရင်လက်နက်ကိုင်များသည် နယ်နမိတ်အငြင်းပွားမှုကြောင့် တိုက်ခိုက်ခဲ့ကြဖူးသော်လည်း ထိုပဋိပကသည်္ခ ပုံမှန်အားဖြင့် ခရိုင်အဆင့်တွင်သာ ဖြစ်ပွားလေ့ရှိပြီး ဌာနချုပ်မှ ပါဝင်ပတ်သက်ခြင်း မရှိပေ။

၁၉၈၉ ခုနှစ်က ထိုလက်နက်ကိုင်အုပ်စုများသည် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူတောင်ကြားကို ထိန်းချုပ်ရေး အကြိမ်ကြိမ် ပဋိပက္ခဖြစ်ခဲ့ကြသည်။ ထိုမှစ၍ KNLA နှင့်MNLA တို့အကြား ပဋိပက္ခ လျှော့နည်းလာသည်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိဖြစ်သည်။

MNLA သည် ၁၉၉၅ ခုနှစ်က မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) ကို လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။ KNLA ကမူ NCA လက်မှတ်ရေးထိုးထားသည်။

Loading