သတင်း

ရှမ်းမြောက် တိုက်ပွဲအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့နယ်အတွင်း တပ်မတော် နှင့် ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားရာ ဒေသခံ ၂ ဦး လက်နက် ကြီး ထိမှန် သေဆုံးသွားပြီး ၈ဦး ဒဏ်ရာ ရရှိထားကြောင်း သတင်းရရှိသည်။

သေဆုံး ထိခိုက်မှုများသည် ဇန်နဝါရီလ ၁၂ ရက် တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟု သိရ သည်။

တအာန်း အမျိုသမီး အဖွဲ့(TWO) ၊ အလုပ်အမှုဆောင် မမုန့်ကျိန်းကီးက “မနေ့က သေဆုံးသွားတဲ့ ၂ယောက်မှာ တယောက် က ၈နှစ်အရွယ်ကလေး ပလောင်တိုင်းရင်းသားပါ။ နောက်တယောက်က ဒီကို အလုပ်လာလုပ်တဲ့ ဗမာ တိုင်းရင်းသားပါ”ဟု ဧရာဝတီကို ပြောသည်။

ဆေးရုံတင်ထားရသည့် ၈ ဦးမှာ ပလောင်တိုင်းရင်းသားများ ဖြစ်ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ဦးတို့ ဖြစ်ကြောင်း၊ တချို့သည် စိုးရိမ်ရသည့် အနေအထားရှိပြီး တချို့မှာ ခွဲစိတ်ခန်းအတွင်း ဝင်နေရသူများလည်း ရှိကြောင်းလည်း မမုန့်ကျိန်းကီးက ပြောပြသည်။

မမုန့်ကျိန်းကီးက “ထိသွားတဲ့ သူတွေက သူတို့အိမ်မှာပဲ သူတို့နေတာ။ ဘယ်ကိုမှ သွားတာမဟုတ်ဘူး။ သူတို့ အိမ်မှာ နေရင်း လက်နက်ကြီး မှန်သွားတာ။ အခုလည်း ကျမတို့ ဒေသခံတွေ လက်ဖက်ခြံတွေ ပြောင်းခြံတွေလည်း မသွားရဲဘူး။ အလုပ်တွေလည်း ပျက်တယ်။ အိမ်မှာနေလည်း လန့်နေရတယ်”ဟု ဆက်ပြောသည်။

ဒေသခံများ သေဆုံးထိခိုက်မှုများအပေါ် တပ်မတော်က TNLA ၏ ပစ်ခတ်မှုကြောင့် ဖြစ်ပွားသည်ဟု သတင်း ထုတ်ပြန် ထားပြီး TNLA က ဒုဗိုလ်မှူးကြီး တာဘုန်းကျော်ကလည်း ၎င်းတို့ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ၊ ဒေသခံများကို ထိမှန်သည့် လက်နက်သည် တပ်မတော်တွင်သာ ရှိသည့် လက်နက်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

ဇန်နဝါရီလ ၁၂ ရက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်၌ နမ့်ဆန်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးယူထားရာ TNLA အဖွဲ့များက မြတ်တောင်ရိုး ဘုရားကုန်း နေရာ နှင့် အနီး တဝိုက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဟိုချောင်း ကျေးရွာ အတွင်းသို့ လက်နက်ကြီး ဗုံးသီး ၄ လုံးကျ ပေါက်ကွဲကာ ဒေသခံ အမျိုးသား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားထားသည်။

ဒဏ်ရာရရှိသူများကို တပ်မတော်၊ နယ်မြေခံတပ်၊ တာဝန်ရှိသူများက လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ နိုင်ရန် စီစဉ်ပေးခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းကို ဆက်လက် ဆောင်ရွက်နေသည်ဟုလည်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TNLA မှ ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “တပ်မတော် ထုတ်တဲ့ဟာမှာ တခု ယုတ္တိမရှိတာက လက်နက်ကြီး ကျတဲ့ ဟိုချောင်းရွာ ရှိတဲ့နေရာကို ကျနော်တို့ မြတ်တောင်ရိုးဘက်က ပစ်တယ်ဆိုတာ ကြားမှာ တောင်တခု ခြားတယ်။ ဘယ်လိုမှ ပစ်လို့မရဘူး။ နောက် ကျတဲ့ လက်နက်ကြီးက ၈၂ မမ။ ကျနော်တို့မှာ အဲ့ဒီ လက်နက် မရှိဘူး”ဟု ပြောသည်။

TNLA မှ မြေပြင် သတင်းစုံစမ်းချက်များအရ တပ်မတော်က ဟိုချောင်းကျေးရွာအတွင်း ပစ်ခတ်ထားသည့် လက်နက်ကြီး ပန်ကာစများ၊ နောက်ပိတ်များကို လိုက်လံ သိမ်းဆည်းနေပြီး ပျက်စီးသွားသည့် ဒေသခံပိုင် အဆောက်အအုံ များကိုလည်း ပြန်လည် ပြင်ဆင်ပေးရန် ပြောဆိုမှုများရှိနေသည်ဟုလည်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

တပ်မတော်နှင့် TNLA မှာ ဇန်နဝါရီလ ၁၀ ရက်မှ စ၍ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ စတင် ဖြစ်ပွားစဉ်ကလည်း တပ်မတော်က TNLA မှ ၎င်းတို့ တပ်စခန်းများကို စတင် ပစ်ခတ် နှောင့်ယှက် လာခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပြီး TNLA ကမူ တပ်မတော်ဘက်မှ ၎င်းတို့ တပ်ဖွဲ့ဝင်များရှိရာ နေရာများ၊ အရပ်သားများ နေထိုင်ရာ နေရာများကို အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် တပ်စခန်းကို သွားရောက် ပစ်ခြင်းဖြစ် သည် ဟု ဆိုသည်။

ဇန်နဝါရီလ ၁၀ရက် တိုက်ပွဲတွင်လည်း နမ့်ဆန်မြို့ ဒေသခံ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မန်ခိုက် ရပ်ကွက် တွင် အိမ် ၅ လုံး၊ ရိပ်သာ ၁ လုံး၊ စာသင်ကျောင်း ၁ကျောင်း၊ ကွန်ပျူတာ ၁စုံ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့သည်။

ထို့အပြင် ဇယန်းကြီး ရပ်ကွက်တွင်လည်း လက်ဖက်ခြောက် စက်ရုံ ၁ရုံ၊ အိမ် ၁လုံး ၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး လူငယ် သင်တန်းကျောင်း ၁ကျောင်းတို့ ပျက်စီးခဲ့သည်။

ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “ကျနော်တို့ လူထုလည်း တော်တော် နစ်နာတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီပြဿာနာကို ပြေလည်အောင်ညှိနှိုင်းဖို့ တွေ့ဆုံဖို့ လိုတယ်။ ကျနော်တို့လည်း တွေ့ဆုံလို စိတ်ရှိတယ်ဆိုတာ ပြောထားပြီးသားပါ”ဟု ဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်တွင်လည်း နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး တပ်မတော်က တိုက်ပွဲအတွင်း လေယာဉ်ဖြင့် ဗုံးကျဲခြင်းများလည်း ပြုလုပ်သည်ဟု TNLA ဘက်က ပြောသည်။

တပ်မတော်နှင့် TNLA တိုက်ပွဲအတွင်း TNLA ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု ပြောဆိုပြီး တပ်မတော် ဘက်ကမူ ထုတ်ပြန်ခြင်း မရှိပေ။

ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ၎င်းတို့ဘက်မှ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က အစိုးရ နှင့် ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေး လိုပြီး အစိုးရကို ပြောဆိုထားသော်လည်း အစိုးရဘက်က အကြောင်း ပြန်ကြား ခြင်းမရှိဟုလည်း ပြောသည်။

TNLA သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆို ထားခြင်း မရှိပါ။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က NCA ရေးဆွဲသည့် အချိန်တွင် TNLA မှာ ပါဝင်ခဲ့သော်လည်း တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲတွင် ကိုးကန့်ဘက်မှ ပါဝင်ကူညီခဲ့သဖြင့် အစိုးရက လက်မှတ်ထိုးရာတွင် ချန်လှပ်ထားခဲ့ခြင်း ဖြစ် သည် ။

TNLA သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်ကတည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရက္ခိုင့် တပ်မတော် (AA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -ကိုးကန့် (MNDAA) တို့နှင့် အတူ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု ဖွဲ့ပြီး မူဆယ်မြို့၊ မုံးကိုးမြို့များရှိ တပ်မတော်၏ တပ်စခန်းများကို စတင် တိုက်ခိုက်ခဲ့သည်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် ၎င်းတို့ကို အစိုးရက နိုင်ငံရေး ခေါ်ယူမဆွေးနွေးဘဲ တပ်မတော်က ထိုးစစ်ဆင် မှု များ ပြုလုပ်နေခြင်းကြောင့် စတင်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ပြောဆိုထားပြီး တပ်မတော် ဘက်က ထိုတိုက်ခိုက်မှုများ ကြောင့် ၎င်းတို့ အဖွဲ့များကို အကြမ်းဖက်သောင်းကျန်းသူများ အဖြစ်သတ်မှတ် ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading