ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးသိန်းဒန်က ယမန်နေ့ နေ့လည် ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် တကိုယ်တော်ဆန္ဒပြခဲ့သည်။
ပဲခူးမြို့ပေါ်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် မရှိကြောင်း ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသော်လည်း အဆိုပါအမိန့်အား ချိုးဖောက်၍ တပ်မတော်ထောက်ခံပွဲအား ခွင့်ပြုခဲ့သည့်အပေါ် ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးသိန်းဒန်က ယင်းသို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးမြို့ပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြခွင့် မရှိကြောင်း ၂၀၁၃ ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့ပြီး၊ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် မတ်လတွင်လည်း နောက်တကြိမ် ထပ်မံ၍ အမိန့်ထုတ်ပြန်ထားခဲ့သည်။ သို့သော်လည်း ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ပေါ်တွင် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်မှု ထောက်ခံပွဲအား တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ပဲခူးမြို့ထဲမှာ လုံးဝ စီတန်းလှည့်လည်ခွင့်ကို ခွင့်မပြုပါဘူးဆိုပြီးတော့ အမိန့်ထုတ်ထားတယ်။ အဲဒီအမိန့်က မြို့နယ်ထွေအုပ်က ထုတ်ထားတာ ၂၀၁၃ တုန်းက တကြိမ်၊ ၂၀၁၆ မှာ တကြိမ် ၂ ကြိမ် ထုတ်ထားတယ်။ ဒီအမိန့် ထုတ်ထားလျက်သားနဲ့ အခု ထောက်ခံပွဲတခု လုပ်တယ်။ အဲဒီထောက်ခံပွဲကို သူက ခွင့်ပြုလိုက်တယ်။ ကျနော် အဲဒါကို မကျေနပ်လို့ ကျနော်အခုလို ဆန္ဒပြကန့်ကွက်တာပါ” ဟု ဦးသိန်းဒန်က ပြောသည်။
ပဲခူးမြို့အထွေထွေ အုပ်ချုပ်ရေးမှူးကိုသာ ဆန္ဒပြရခြင်းဖြစ်ပြီး ပဲခူးတိုင်းအစိုးရအား ဆန္ဒပြခြင်း မဟုတ်ကြောင်းနှင့် ပဲခူးမြို့ပေါ်တွင် နိုင်ငံသားတိုင်း အခြေခံဥပဒေအရ ရရှိရမည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်အား လိုသလို အသုံးချ၍ ဥပဒေချိုးဖောက်နေသည့် အပေါ်တွင် မကျေနပ်သည့်အတွက် ထုတ်ထားသည့် ဥပဒေအား ကျူးလွန်သူကို အရေးယူပေးရန် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးသိန်းဒန်က ဆက်ပြောသည်။
“ကျနော့် သဘောထားက စစ်ပွဲတွေကို ထောက်ခံတာဖြစ်ဖြစ်၊ စစ်ပွဲတွေ ရပ်ပေးဖို့ ထောက်ခံတာပဲ ဖြစ်ဖြစ် ဒါက နိုင်ငံသားတွေရဲ့ အခွင့်အရေး ရသင့်တယ်။ ကျနော် ဘာမှ မပြောပါဘူး။ ကျနော်တို့ ၄၃၆ ပြင်ဆင်ရေး လုပ်တုန်းကလည်း ဒီဥပဒေနဲ့ ဖိနှိပ်ကန့်သတ်ခဲ့တယ်။ ၈ လေးလုံး အထိမ်းအမှတ်ပွဲတွေ၊ နောက်ဆုံး ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံပွဲ လုပ်တာတောင်မှ အဲဒီအမိန့်နဲ့ ကန့်ကွက်ခဲ့တယ် ခွင့်မပြုခဲ့ဘူး။ အခုကျမှ လိုတမျိုး မလိုတမျိုး ကိုယ်ထုတ်ထားတဲ့အမိန့်ကို တားမြစ်တဲ့အခါကျရင် သုံးတယ်။ မလိုတဲ့ အဖွဲ့အစည်းလုပ်ရင် ခွင့်မပြုဘူး။ လိုတဲ့အဖွဲ့အစည်း လုပ်ရင်ကျတော့ ခွင့်ပြုတယ်ဆိုတာ။ တရားဥပဒေ စိုးမိုးရေးကို လုံးဝ ထိခိုက်တဲ့အရာဖြစ်တယ်” ဟု ဦးသိန်းဒန်က ဆက်ပြောသည်။
ပဲခူးမြို့ပေါ်တွင် လွတ်လပ်စွာ စီတန်းလှည့်လည် ပိတ်ပင်ထားသည့် ဥပဒေအား ပယ်ဖျက်ပေးရန် သနပ်ပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ၂၀၁၆ ဒီဇင်ဘာလက လွှတ်တော်အတွင်း အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်မဲ ၂ မဲနှင့် ထောက်ခံမဲ ၅၀ ကျော်ရ၍ အဆို အောင်မြင်ခဲ့သည်။ သို့သော် ပဲခူးမြို့နယ် ထွေအုပ်က အဆိုပါဥပဒေအား ပယ်ဖျက်ကြောင်း တရားဝင် အကြောင်းကြားထားခြင်း မရှိသေးဟု ဆိုကြောင်း သိရသည်။
ဦးသိန်းဒန်က ဆန္ဒပြရန် ခွင့်ပြုမိန့်မယူဘဲ ၁ နာရီကျော်ကြာ ဆန္ဒပြခဲ့ပြီး တစုံတရာအရေးယူရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရှိရသည်။
ပဲခူးမြို့ပေါ်တွင် ဆန္ဒပြရန် တင်ပြလာပါက ခွင့်ပြုမိန့်မလိုဘဲ အကြောင်းကြားရုံဖြင့်သာ တရားဝင် ဆန္ဒပြခွင့် ပြုထားခြင်း ဖြစ်ကြောင်းနှင့် ယခုလို ဆန္ဒပြပွဲများအား အထက်မှ ညွှန်ကြားချက်များအတိုင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က ဧရာဝတီကို ပြောသည်။
“ဘာမှတော့မရှိပါဘူး။ ကျနော်တို့က အထက်ညွှန်ကြားချက်နဲ့ အညီပဲလုပ်တာပါ။ ဥပဒေအရ ကျနော်တို့ ခွင့်ပြုတာ မရှိပါဘူး။ ငြိမ်းစုစီ ဥပဒေအရနဲ့ ဆောင်ရွက်တာ။ ကျနော်တို့က ဒီဟာအပေါ်မှာ ဥပဒေအရတော့ လုပ်တဲ့အပေါ်မှာတော့ ခွင့်ပြုတယ်၊ ခွင့်မပြုဘူး အဲဒီလိုတော့ ပေးထားတာမရှိပါဘူး။ ကျနော်တို့က ဒီမှာတော့ ညွှန်ကြားချက်နဲ့အညီ လုပ်ပေးပါတယ်။ ဥပဒေနဲ့အညီ လျှောက်ပါ၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးသွားမှာပါ။ ထုတ်ပြန်ထားတဲ့ ဥပဒေမှာက အသိပေး တင်ပြမယ်ဆိုတာပဲ ပါတယ်” ဟု ဦးအောင်သန်းဇော်က ပြောသည်။
ပဲခူးမြို့ပေါ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော် ထိုးစစ်ဆင်မှုအား ထောက်ခံသည့် ဆန္ဒပြပွဲနှင့် အဆိုပါ ဆန္ဒပြပွဲအား ကန့်ကွက်သည့် အနေနှင့် ပဲခူးဒေသခံ ကိုနိုင်နိုင်အောင်နှင့် လူငယ် ၅ ဦးတို့က တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး၊ MDCF အဖွဲ့ကလည်း ၂၀ဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ရာဇဝတ်မှု ကျူးလွန်ခဲ့သော စစ်ဗိုလ်ချုပ်များအား အရေးယူပေးရေး ဆန္ဒပြပွဲ နှင့် အထွေထွေ အုပ်ချုပ်ရေးမှူးအား ဦးသိန်းဒန်က တကိုယ်တော်ဆန္ဒပြ တောင်းဆိုခြင်း အပါအဝင် စုစုပေါင်း တရက်တည်း ၄ ကြိမ် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။