ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပလောင် (တအာင်း ) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲငယ် တချို့ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒေသခံများမှာ မိမိတို့နေအိမ်များမှ စွန့်ခွာ ထွက်ပြေးနေဆဲ ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူများသည် မြို့ပေါ်မှ သာမက ကျေးရွာများမှလည်း ပါဝင်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း ထွက်ပြေးသူတချို့ရှိကြောင်း ပလောင် (တအာင်း ) အမျိုးသမီး အဖွဲ့မှ မပိုးကျိန်ကီ က ဧရာဝတီ ကို ပြောသည်။
၎င်းက “လာရှိုးမြို့ပေါ်က အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ၉၆ ဦး ရှိပြီးတော့ နောက်တကျောင်းမှာတော့ ၅၀ ရှိတယ်၊ တိုက်ပွဲ ကတော့ မနေ့က ညနေအထိ ပစ်ခတ်မှုတွေရှိသေးတယ်” ဟု ဆိုသည်။
နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာ တချို့မှ ဒုက္ခသည်များသည် ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ပေါ်သို့ ထွက်ပြေးလာကြရာ လာ ရှိုးမြို့ပေါ်၌ အယောက် ၁၀၀ ကျော်အထိ ရှိကြောင်း၊ ဒုက္ခသည်များကို အောင်မင်္ဂလာ (နမ့်ဆန် )ဘုန်းကြီးကျောင်းနှင့် ရှမ်းဘုန်းကြီး ကျောင်းတို့တွင် ခေတ္တ စီစဉ်ပေးထားကြောင်း၊ ဒုက္ခသည်များ၏ စားဝတ်နေရေးကို ဘုန်းတော်ကြီး ကျောင်းနှင့်လူမှုအဖွဲ့ အစည်းတချို့ ကူညီပေးနေကြောင်း ပလောင် (တအာင်း ) ပရဟိတ အဖွဲ့မှ ဒေါက်တာ မျိုးသန်းထွန်း က ဧရာဝတီ ကို ပြောသည်။
ဒေါက်တာ မျိုးသန်းထွန်း က “ဒီနေ့ငြိမ်သွားပေမယ့် နောက်နေ့ ပစ်ကြတာမျိုး ဖြစ်နေတော့ ဒုက္ခသည်တွေကလည်း မနေရဲ ကြဘဲ ထွက်ပြေးလာတာပါ၊ တည်ငြိမ်သွားရင်တော့ ပြန်ကြမှာပေါ့၊ လောလောဆယ် အနေအထားအရ ဆိုရင်တော့ ထပ် တိုးလာနိုင်ခြေ ရှိသေးတယ်” ဟု ဆိုသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် အစိုးရ တပ်မတော်တို့အကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး၊ ဒဏ်ရာ ရသူ ၉ ဦးရှိကြောင်း၊ ၎င်းတို့မှာ လားရှိုး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ပြီး အများစုမှာ ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကြောင်း ဒေါက်တာ မျိုးသန်းထွန်း က ပြော သည်။
၎င်းက “ဆေးရုံမှာ ရှိတဲ့ အမျိုးသား တယောက်ဆိုရင် ဒဏ်ရာက အတော် ဆိုးဝါးပါတယ်၊ ဗိုက်ပေါက်သွားပြီးတော့ အူတွေ ကို ဖြတ်ပြီး အပြင်ထုတ်ထားရတယ်၊ လက်ရှိအနေအထားအရ ဆိုရင်တော့ သက်သာလာနိုင်ဖွယ်ရှိပါတယ်” ဟု ဆိုသည်။
နမ့်ဆန်မြို့ခံ အချို့၏ အဆိုအရ နယ်တွင် ယခုအခါ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်၍ ထွက်ပြေးနေကြသည့် ဒုက္ခသည်များ အနေဖြင့် မိမိတို့နေအိမ်များသို့ ပြန်လာကြရန် နမ့်ဆန်အာဏာပိုင်များက ပြောဆိုနေကြောင်း၊ သို့သော် တည်ငြိမ် အေးချမ်းမှု အပြည့်အ၀ မရှိသေး ၍ အများစုမှာ ပြန်မလာရဲသေးကြောင်း သိရသည်။
အစိုးရ တပ်မတော်နှင့်TNLA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအကြား အရပ်သား သေဆုံးမှုများ ရှိသကဲ့သို့ ၂ ဖက်စလုံးမှ တပ်များမှလည်း ထိခိုက် ကျဆုံးမှုများ ရှိပြီး၊ ကျဆုံးသူ တချို့တွင် အရာရှိ အဆင့်ရှိသူများလည်း ပါဝင်ကြောင်း သိရသည်။