သတင်းရရှိမှု နည်းပါး၍ တောရိုင်းဆင် သတ်ဖြတ်ခံရမှု တိုးပွားဟုဆို
မြန်မာနိုင်ငံတွင် ဆင်များကိုတရားမဝင် သတ်ဖြတ်နေသည့် ဆင်ခိုးဂိုဏ်းများ၏ လှုပ်ရှားဆောင်ရွက်မှု အခြေအနေ သတင်း များရရှိမှု နည်းပါးသဖြင့် တောရိုင်းဆင်များ သတ်ဖြတ်ခံရမှု တိုးပွားလာနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရှိရသည်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ တောရိုင်းဆင် သတ်ဖြတ်ခံရမှု ၃ မှုခန့်သာရှိရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တောရိုင်းဆင် သတ်ဖြတ်ခံရမှုသည် အမှု ၂၀၊ ၂၅ မှ ၃၀ အထိရှိလာကြောင်း၊ ဆင်ခိုးဂိုဏ်းများ၏ သတင်းရရှိမှု နည်းပါး ခြင်းနှင့် တောရိုင်းဆင် ဈေးကွက်ရှိသည့် နိုင်ငံနှင့် နီးကပ်နေခြင်းတို့သည် ဆင်သတ်ဖြတ်ခံရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော် က ပြောသည်။
ယနေ့ နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာ့ဆင်များ ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် ရေးဆွဲခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ လုပ်ငန်းစီမံချက် အခမ်းအနားတွင် သတင်းထောက်များကို ဦးဝင်းနိုင်သော်က အထက်ပါအတိုင်း ပြောဆိုသည်။
“အခုနောက်ပိုင်းမှာ ဆင်တွေကို တရားမဝင်သတ်ဖြတ်မှုတွေ တိုးလာတယ်။ ဆင်သတ်ဖြတ်ခံရမှုတွေ ကာကွယ်နိုင်ဖို့ အတွက် သတင်းရရှိဖို့ အရေးကြီးပါတယ်။ တောထဲတောင်ထဲကို ဝင်ထွက် သွားလာနေတဲ့သူတွေက ဆင်သတ်ဖြတ်မယ့် သူတွေ ရောက်နေတယ်ဆိုတာကို သတင်းပေးနိုင်ရင် ချက်ချင်းကျနော်တို့ တားဆီးနိုင်ပါတယ်”ဟုလည်း ၎င်းက ပြော သည်။
ဆင်သတ်ခံရမှု အများဆုံးနှင့် ဆင်ကျက်စားမှု အများဆုံးသည် ဧရာဝတီတိုင်းရှိ ပုသိမ်၊ ငပုတောနှင့် ချောင်းသာဒေသတို့ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲခူးတိုင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဒေသများတွင် ဆင်ခိုးဂိုဏ်း သတင်းရသည်နှင့် သစ်တော ဌာန၊ သစ်တော ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နှိမ်နင်းလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနမှ သိရသည်။
ငပုတောမြို့နယ် သစ်တောဌာနဦးစီးမှူး ဦးတင်စိုးကလည်း “ဒေသခံတွေက တဖက်က ဆင်မုဆိုးတွေကို ကြောက်ရတယ်။ သစ်တောဌာနကို သတင်း ပေးမယ်ဆိုရင် သူတို့မှာ အသက်အန္တရာယ် ရှိနိုင်တယ်။ အဲဒါကြောင့် သတင်းပေးတာ အားနည်း လာတယ်။ သတင်းလာပေးပါ။ ဒေသခံတွေအတွက် အန္တရာယ်မရှိအောင် ကူညီဆောင်ရွက်ပါမယ် ဆိုမှသာ သူတို့လည်း ရောက်လာမှာ”ဟု ပြောသည်။
သို့သော် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်းက ဒေသခံတဦး၏ သတင်းပေးချက်အရ ငပုတောမြို့နယ်တွင် ဆင်ခိုးဂိုဏ်းကြီး တခု ကို လက်နက်များစွာနှင့်အတူ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
“ဒေသခံက သေနတ်ကိုင်ထားတာ တွေ့တယ်ဆိုပြီး သတင်းပေးလာတယ်။ အဲဒီ သေနတ်တွေနောက် လိုက်ရင်း ၂၀၁၆ အကုန်မှာ ဆင်သတ်ဂိုဏ်းတခုကို မိလိုက်တယ်”ဟု ဦးတင်စိုးက ပြောသည်။
ယခုအချိန်တွင် သစ်တောဖုံးလွှမ်းမှု များပြားသည့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် တနသာၤရီတိုင်းတို့တွင်လည်း ဆင်ကောင်ရေများစွာ ကျန်ရှိနေသေးကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနခွဲက ပြောသည်။
ဆင် သတ်ဖြတ်ခံရသည့် အဓိကအကြောင်းရင်း ၂ ခုတွင် ပထမတခုမှာလူနှင့် ဆင် ပဋိပက္ခဖြစ်ပြီးနောက် လူကပြန်၍ ဂလဲ့ စား ချေသည့် အခါ ဆင်အသတ်ခံရသည့် ဖြစ်စဉ်များရှိသော်လည်း အလွန်နည်းပါးကြောင်း၊ အဓိကအကြောင်းရင်းမှာ ဆင် ကို ဂိုဏ်းဖွဲ့ပြီး လိုက်လံသတ်ဖြတ်နေသည့် ဆင်ခိုးဂိုဏ်းများကြောင့် ဆင်များဆုံးရှုံးနေရခြင်း ဖြစ်ကြောင်း သစ်တော ဌာန အရာရှိ ဦးဝင်းနိုင်သော်က ပြောသည်။
“ဆင်ကို အရေခွံတွေခွာတယ်။ အစွယ်တွေ ဖြတ်တယ်။ ဆင်ရဲ့ အစိတ်အပိုင်းတွေကိုု ဖြတ်တောက်ပြီးတော့ ရေခဲရိုက်ပြီး တော့ တဖက်နိုင်ငံကိုပို့နေတာတွေ ကျနော်တို့ ဖော်ထုတ် ဖမ်းဆီးရမိတာတွေ ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခုနောက်ပိုင်းတွင် ဆင်သတ်သူများသည် သေနတ်မကိုင်တော့ဘဲ အဆိတ်လူးမြား အသုံးပြုလာပြီး ဆင်သည် အဆိပ် ကြောင့် တနေရာရာတွင် သေဆုံးချိန် ၎င်းတို့အဖွဲ့က ဆင်နောက်သို့ လိုက်ကာ ဆင်ကိုထိုနေရာတွင်ပင် အရေခွံခွာခြင်း၊ အစွယ်ဖြတ်ခြင်းများ ပြုလုပ်၍ခ ျက်ချင်းပြန်ထွက်သွားကြောင်း ဦးဝင်းနိုင်သော်၏ ပြောဆိုချက်အရ သိရသည်။
“အဲလိုကိစ္စမျိုးကျတော့ ကျနော်တို့ဝန်ထမ်းတွေက တောထဲမှာထိုင်နေပြီးတော့ တချိန်လုံး မကြည့်နိုင်တဲ့အခါကျတော့ တောတက် သွားတဲ့သူတွေက မြင်တဲ့သူတွေက သတင်းပေးဖို့ လိုတယ်။ သတင်းရရှိနိုင်ဖို့ လိုအပ်ပါတယ်။ သတင်းရရှိနိုင်ဖို့ က တော်တော်လေးခက်ခဲပါတယ်”ဟု ၎င်းက ဆိုသည်။
တရားမဝင် တောရိုင်းတိရစ္ဆာန်များကို အများဆုံးသယ်ယူခံနေရသည့် လမ်းကြောင်းသည် မန္တလေး၊ လားရှိုး၊ မူဆယ် လမ်း ကြောင်းဖြစ်၍ တာချီလိတ်လမ်းကြောင်းနှင့် မြဝတီ လမ်းကြောင်းတို့တွင်လည်း ဖမ်းဆီးမိကြောင်း၊ ဘုရား၃ဆူ လမ်းကြောင်း နှင့် ယခုနောက်ဆုံးတွင် ထားဝယ်-ထီးခီးဂိတ်တွင်လည်း ဖမ်းဆီးရမိသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တောရိုင်းဆင် သတ်ဖြတ်ခံရမှု ပိုမိုများပြားလာခြင်းသည် အာဖရိကတိုက်ရှိ အာဖရိကဆင် သတ်ဖြတ်သူ များ နှင့် ၎င်းတို့၏ လမ်းကြောင်းများကို တကမ္ဘာလုံးက စောင့်ကြည့်လာပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် ၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အာရှဆင်များသို့ ခြေလှမ်းလှည့်လာကြောင်း သစ်တောဌာနက ပြောသည်။
“ဆင်ဈေးကွက်ဖြစ်နေတဲ့ နိုင်ငံနဲ့ ကျနော်တို့က ပိုနီးတဲ့အခါကျတော့ Demand က ပိုတိုးလာတယ်။ တိုးလာတဲ့အခါမှာ ဆင်ဆွယ် တခုတည်းကိုမဟုတ်တော့ဘဲနဲ့ ကျနော်တို့ မြန်မာနိုင်ငံကဆင်ရဲ့ သားရေကိုပါခွာ အခြောက်လှမ်းပြီးတော့ အတုံးလေးတွေ တုံး၊ ဆင်သေရေကိုပါ တင်ပို့ရောင်းချနေတယ်”ဟု ဦးဝင်းနိုင်သော်က ပြောဆိုသည်။
ထို့ကြောင့် ဆင်သတ်ဂိုဏ်းများ၏ အန္တရာယ်မှ ကာကွယ်ရန် ဆင်များတွင် အသံလှိုင်းစနစ်ပါသည့် ဂျီပီအက်စ် တပ်ပေး လိုက် ပြီး ဂြိုဟ်တုမှတဆင့် စောင့်ကြည့်နိုင်မည့် စနစ်မျိုးကို ပဲခူးရိုးမ၊ တနသာၤရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆောင်ရွက် နေကြောင်းလည်း သိရသည်။
“တောဆင်တွေကို မေ့ဆေးနဲ့ ပစ်ဖမ်းပြီးတော့ ရေယိုကော်လာ တပ်တယ်။ ဆင်သွားလာ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ခြင်းအားဖြင့် ဆင်ရဲ့ ကျက်စားမှု အကျယ်အဝန်းကို သိရတယ်။ ရာသီအလိုက် ဆင်ရွှေ့ပြောင်းမှုတွေကိုပါ သိရ တဲ့အတွက် လူတွေကို ဘယ်ရာသီမှာဆင်တွေ ရောက်လာနိုင်လဲ ဆိုတာကို သတိပေးနိုင်တယ်”ဟု ဦးဝင်းနိုင်သော် ကပြော သည်။
ယခုကဲ့သို့ တောရိုင်းဆင်များ သတ်ဖြတ်ခံရမှု တိုးပွားလာခြင်းကြောင့် မြန်မာ့ဆင်မျိုးစိတ်များ ကာကွယ်ထိန်းသိမ်းရေး အတွက် ၁၀ နှစ်စာ လုပ်ငန်းစီမံချက်ကို သစ်တောဌာနက ဦးဆောင်ရေးဆွဲနေပြီး ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနားတွင် အာရှဆင်၊ တောဆင်မျိုးများ ရေရည်တည်တံ့စေရန်၊ မျိုးစိတ်များ ထိန်းသိမ်းနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲတခုကို သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့(WCS) အကူအညီဖြင့် ၃ ရက် ကျင်းပလျက် ရှိသည်။
ယခုဆွေးနွေးပွဲမှ ရရှိလာသည့် စီမံချက်ကို အတည်ပြုချက် ရယူနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ဆက်လက် တင်ပြ သွားမည်ဟု သိရသည်။