စက်မှုလုပ်ငန်းဆိုင်ရာ စစ်ဆေးမှုများတွင် နျူကလီးယား နည်းပညာကို အသုံးပြုနေ
မြန်မာနိုင်ငံတွင် ကျွမ်းကျင်သူများက နျူကလီးယား နည်းပညာကို အသုံးပြု၍ စက်မှုလုပ်ငန်းဆိုင်ရာ စစ်ဆေးမှုများ စတင် ပြုလုပ်နေကြပြီဟု နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ရောင်ခြည်ဖြာထွက်မှု (ionizing radiation) ကို အသုံးပြုသည့် (Non-destructive testing -NDT) စစ်ဆေးနည်း ဖြင့် ပစ္စည်းများ၊ ထုတ်ကုန်များ၏ အရည်အသွေးကို စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ်ဆေးနည်းက ပစ္စည်းများနှင့် သံထည်၊ သတ္တုထည်များ ထုတ်လုပ်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ထိခိုက်ပျက်စီးခြင်း သို့ မဟုတ် ရေဒီယိုသတ္တိကြွခြင်းများ မကျန်ရစ်စေဘဲ စစ်ဆေးနိုင်ခြင်းတို့ကြောင့် အရေးပါသည့် နေရာမှ ပါဝင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် နည်းပညာကို ဂမ်မာ ပုံရိပ်ဖော်စနစ်က ဓာတ်ရောင်ခြည် အရင်းအမြစ်တခုမှ ထုတ်လွှတ် လိုက်သည့် ဂမ်မာရောင်ခြည်များကို ကွဲပြားသည့် သတ္တုပစ္စည်း အသီးသီးမှ စုပ်ယူမှု ကွဲပြားခြားနားချက် အပေါ်တွင် အခြေ ခံ ထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှ စ၍ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အကူအညီဖြင့် မြန်မာနိုင်ငံ အနုမြူစွမ်းအင်ဌာနက လိုအပ်သော ပစ္စည်း ကိရိယာများ ဝယ်ယူ၍ နည်းပညာကို အသုံးပြုမည့် ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိစေရန် ဆောင်ရွက်ခဲ့သည်သည်ဟု ဆိုသည်။ ဌာနမှ ကျွမ်းကျင်သူများက ရန်ကုန်မြို့အနီးရှိ သန်လျင် ရေနံချက်စက်ရုံတွင် ပိုက်လိုင်းများ နှင့် ပိုက်အတွင်းတွင် ဖြတ်သန်းစီးဆင်းသည့် ထုတ်ကုန်များ ၏ အရည်အသွေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း သိရသည်။
“စက်မှုလုပ်ငန်းကဏ္ဍ ဆန်းသစ်ပြောင်းလဲဖို့နဲ့ ထိရောက် အောင်မြင်ဖို့ နျူကလီးယား သိပ္ပံနဲ့ နည်းပညာက အဓိကနေရာက ပါဝင်နေပါတယ်။ ဝင်ငွေ နည်းတဲ့ နိုင်ငံတွေ အနေနဲ့ ဒီနည်းပညာကို အသုံးပြုပြီး အားသာချက်ယူနိုင်တယ် ဆိုတာကို မြန် မာနိုင်ငံက အကောင်းဆုံး ဥပမာဖြစ်ပါတယ်” ဟု IAEA ၏ ရူပ နှင့် ဓာတုသိပ္ပံဆိုင်ရာ ဌာန ဒါရိုက်တာ Meera Venkatesh က ပြောသည်။
ရေနံပိုက်လိုင်းများ၊ ဘွိုင်လာများ၊ ဖိအားသုံး ကန်များ၊ အဆောက်အဦးများ၊ လေယာဉ်သုံးကိရိယာများ နှင့် သင်္ဘောများ သည် ကမ္ဘာတလွှားတွင် (Non-destructive testing -NDT) နည်းပညာကို အသုံးပြု၍ အရည်အသွေး စစ်ဆေးနေကြ ပြီး မြန်မာနိုင်ငံ အနုမြူစွမ်းအင် ဌာနကလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆောင်ရွက်နေသည်ဟု အဆိုပါ ဌာနမှ NDT ဓာတ်ခွဲခန်း၏ တာဝန်ခံ သိပ္ပံပညာရှင် ဒေါ်အင်ကြင်းဖြူက ပြောသည်။ “နျူကလီးယား နည်းပညာကို အသုံးပြုခြင်း အပါအဝင် NDT စစ်ဆေးခြင်းက မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍ အသီးသီးက အရည်အသွေး စစ်ဆေးထိန်းချုပ်တဲ့ နေရာမှာ အလွန်ကို အရေးပါပါတယ်” ဟုလည်း သူက ဆိုသည်။
မြန်မာ့ မီးရထား၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်း၊ ရန်ကုန် နည်းပညာတက္ကသိုလ် နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ နည်းပညာဆိုင် ရာ ဝန်ထမ်းများကို မကြာသေးမီက လေ့ကျင့် သင်တန်းပေးခဲ့ပြီး ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ သင်္ဘော ကျင်း များ၊ မီးရထားစက်ခေါင်းများနှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး အပန်းဖြေ ဥယျာဉ် တခု အပါအဝင် နေရာ အနှံအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီးလည်း ဖြစ်သည်။
“သင်္ဘောတည်ဆောက်ရေးနဲ့ ပြုပြင်ရေး အပိုင်းတွေမှာ NDT ကို အသုံးပြုမှု အလွန်များပြားလာပါတယ်။ ကျနော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်ရေးမှာ ဒါက မရှိမဖြစ်လိုအပ်ပါတယ်။ အရည်အသွေး ထိန်းချုပ် စစ်ဆေး ရေး ပိုင်းတွေမှာ ကျနော်တို့ NDT ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေပါတယ်” ဟု မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ နှင့် အကြီးတန်း NDT စစ်ဆေးရေး အရာရှိ ဦးမြင့်ဇော် ကပြောကြောင်း IAEA ၏ ထုတ်ပြန်ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။