ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေထိုင်ရေး လုံခြုံမှုမရှိသဖြင့် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၅၀ ကျော်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Joint Strategy Team (JST) ဒါရိုက်တာ ဦးဂွမ်ရှာအောင်က “မဂါ့ယန်က မိသားစု ၅၀ ဝန်းကျင်က လိုင်ဇာဧရိယာကို ရောက်နေပြီ။ အခုတော့ မိသားစု ၅၀ လို့ သိရသေးတယ်။ လူဦးရေ အတိအကျတော့ ကျနော်တို့ မသိရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
JST အဖွဲ့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသည့် အရပ်ဘက် အဖွဲ့အစည်း ၈ ခု မှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ထားသည့် အဖွဲ့တခု ဖြစ်သည်။
လိုင်ဇာမြို့သို့ ပြောင်းရွှေ့သွားကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀ ကျော်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ မဂါ့ယန် စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များ ဖြစ်ကြပြီး ၎င်းတို့စခန်းအနီး တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ထွက်ပြေးတိမ်းရှောင် လာကြခြင်းဖြစ်ကြောင်း သိရသည်။
မဂါ့ယန် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၈ စု၊ လူဦးရေ ၂,၆၀၀ ကျော် ရှိပြီး ၂၀၁၁ ခုနှစ်အတွင်းက တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကျန်ဒုက္ခသည်တချို့သည် လမ်း၌ရွှေ့ပြောင်းနေဆဲဖြစ်ပြီး တချို့မှာလည်း မဂါ့ယန် စစ်ဘေးရှောင်စခန်းနှင့် ၄ မိုင်ခန့် ကွာဝေးသည့် နမ့်ဟန်းပါဒေသသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း ဦးဂွမ်ရှာအောင်က ဆက်ပြောသည်။
ဦးဂွမ်ရှာအောင်က “တော်တော်များများက သူတို့ဆွေမျိုးတွေရှိလို့ လိုင်ဇာကို ဆင်းသွားကြတာ။ သူတို့ဆွေမျိုးတွေက လိုင်ဇာဝန်းကျင်က Camp ၃ ခုမှာ ရှိတယ်” ဟု ပြောသည်။
လိုင်ဇာမြို့၊ ဂျေယန်း စစ်ရှောင်စခန်းတွင် နေထိုင်သည့် ကချင်ရိုးရာယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဒွဲဝါက ၎င်းတို့ စစ်ရှောင်စခန်းသို့ မဂါ့ယန်ဘက်မှ ဒုက္ခသည် အိမ်ထောင်စု ၃၀ ခန့် ပြောင်းလာသည်ဟု ပြောသည်။
ဦးဒွဲဝါက “ဂျေယန်းကို မဂါ့ယန်ဘက်က အိမ်ထောင်စု ၃၀ ပြောင်းလာတယ်။ လူဦးရေတော့ အတိကျ မသိသေးဘူး။ ဖုန်လုံယန်ဘက်ကိုလည်း အသစ်ဝင်လာတဲ့သူတွေ ရှိတယ် ” ဟု ပြောသည်။ လိုင်ဇာမြို့အတွင်း ဂျေယန်း၊ ဖုန်လုံယန်နှင့် ဝေကျိုင် စစ်ဘေးရှောင်စခန်း ၃ ခု ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းများသို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က အရပ်ဘက် အဖွဲ့အစည်းများမှတဆင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သာ်လည်း ၂၀၁၆ ခုနှစ်မှစ၍ ၅၀ ရာခိုင်နှုန်းခန့် စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချထားသည်။
သို့သော် ထိုစစ်ရှောင်ဒုက္ခသည်များကို KIA ၏ စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ (IRRC) က ထောက်ပံ့ပေးနေကြောင်း ဦးဒွဲဝါက ဆိုသည်။ မဂါ့ယန်မှ ပြောင်းရွှေ့လာကြသည့် ဒုက္ခသည်များကို စစ်ရှောင်စခန်း တာဝန်ခံများက နေရာထိုင်ခင်းနှင့် စားစရာများ ဝေငှပေးထားပြီး ထပ်မံပြောင်းရွှေ့လာမည့်သူများ ရှိနေသည်ကို ကြားသိရကြောင်း ဦးဒွဲဝါက ပြောသည်။
တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ဝေငှကူညီနိုင်သော်လည်း ကလေးငယ်များမှာ ဖေဖော်ဝါရီလတွင် အတန်းတင်စာမေးပွဲများ ဖြေကြရတော့မည့် အချိန်တွင် ယခုကဲ့သို့ ပြောင်းရွှေ့ကြခြင်းကြောင့် စာမေးပွဲများ ဖြေဆိုနိုင်တော့မည် မဟုတ်ကြောင်း ဦးဂွမ်ရှာအောင်က ပြောသည်။
မဂါ့ယန်အပြင် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဇိုင်းအောင်နှင့် ခေါင်ရှောင် စစ်ဘေးရှောင် စခန်းအနီး၌လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဇန်နဝါရီလ ၁၁ ရက်မှစ၍ ဘေးကင်းသည့် နေရာများသို့ ထွက်ပြေးနေကြရသည်။
ဇိုင်းအောင်နှင့် ခေါင်ရှောင် စခန်းများသည် တရုတ်-မြန်မာ နယ်စပ်အနီးတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားနေစဉ်က တရုတ်နိုင်ငံနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ တရုတ်နိုင်ငံဘက်မှ စစ်သားများ ရောက်လာပြီး မောင်းထုတ်ခြင်း၊ တချို့ဒုက္ခသည်များကို ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သဖြင့် ဒုက္ခသည်များမှာ ဝိုင်းမော်မြို့နယ် အတွင်းသို့ ပြန်လာခဲ့ကြ ရသည်။
ခေါင်ရှောင်စစ်ဘေးရှောင် စခန်းတွင် အိမ်ထောင်စု ၁၃၆ စု ရှိပြီး လူဦးရေ ၁,၁၁၆ ဦး ရှိသည်။ ဇိုင်းအောင် စစ်ဘေးရှောင် စခန်းတွင်လည်း အိမ်ထောင်စု ၆၈၀ စုရှိပြီး လူဦးရေ စုစုပေါင်း ၂,၉၀၀ ကျော်ရှိသည်။
ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား သြဂုတ်လမှစ၍ ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ ဇန်နဝါရီလ ၁၃ ရက်က ဇိုင်းအောင်စစ်ဘေးရှောင်စခန်း ဝန်းကျင်တွင် လက်နက်ကြီးကျည် ၇ လုံး ကျခဲ့သည်ဟု JST က သတင်းထုတ်ပြန်ထားသည်။