သတင်း

ဂျပန်တွင် မြန်မာ့အပြောင်းအလဲအကြောင်း ဦးသိန်းစိန် ပြောဆို

Want create site? Find Free WordPress Themes and plugins.

“သမ္မတဖြစ်လာဖို့ ကျနော် ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဘူး” ဟု သမိုင်းဝင် ၅ နှစ်ကြာသက်တမ်းအပြီးတွင် ပြီးခဲ့သည့် နှစ်က သမ္မတ ရာထူးမှ ဆင်းပေးခဲ့ရသော ဦးသိန်းစိန်က ပြောသည်။ ဂျပန်နိုင်ငံ အလယ်ပိုင်းတွင်ပြုလုပ်သော ဒေသတွင်း ဖိုရမ် တခုတွင် ဦးသိန်းစိန်က “တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကျနော့်ရဲ့ ကံကြမ္မာက ကျနော့်ကို အဲဒီနေရာ ရောက်အောင် ပို့ ဆောင်ပေးခဲ့ပါတယ်” ဟု လည်း ပြောခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်ခဲ့သော ဦးသိန်းစိန်၏ သမ္မတသက်တမ်းတွင် စစ်အုပ်ချုပ်ရေး အောက်သို့ တိုင်းပြည် ကျရောက်ခဲ့သော ၁၉၆၂ ခုနှစ်မှ နောက်ပိုင်း ဆယ်စုနှစ်များစွာ အထီးကျန်မှုနှင့် စီးပွားရေးချွတ်ခြုံ ကျခဲ့ရသည့် မြန်မာနိုင်ငံကို ကမ္ဘာ နှင့် ပြန်လည်တံခါးဖွင့်ခဲ့သည့် စိတ်လှုပ်ရှားစရာ အပြောင်းအလဲကို ကြီးကြပ်ဖော်ဆောင်ခဲ့သည် ဟု မြင်ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ရာထူးစွန့်ခဲ့ရပြီးနောက်ပိုင်း ပထမဆုံး အဖြစ် ဂျကာတာ အခြေစိုက် Economic Research Institute for ASEAN and East Asia မှ ပြုလုပ်သည့် ဒေသတွင်း ဖိုရမ်နှင့် ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ သူ၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများအတွက် အဆိုပါ အခန်းအနားတွင် ဦးသိန်းစိန်ကို Economic Research Institute ၏ တတိယမြောက် Asia Cosmopolitan အထူးဆုကို ပေးအပ်ခဲ့သည်။ အဆိုပါ ဆုမှာ အရှေ့အာရှမှ စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ ပါဝင် ဆောင်ရွက်ခဲ့သည့်  ခေါင်းဆောင်များ သို့မဟုတ် လူပုဂ္ဂိုလ်များကို ၂ နှစ်တကြိမ် ရွေးချယ်ချီးမြှင့် ခြင်း ဖြစ်သည်။ ယခင်တကြိမ်ပေးအပ်ခဲ့သည့် ၂၀၁၄ ခုနှစ်က ဆုရခဲ့သူမှာ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ဖြစ်ပါသည်။

ဆုပေးအပ်ရာတွင် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင်ပစ်ဆူဝမ်က ဦးသိန်းစိန်သည် တိုင်းပြည်တံခါးဖွင့်လှစ် ခြင်းနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရာတွင် မှတ်သားလောက်စရာ အောင်မြင်မှုများ ရရှိခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ကွဲပြားခြားနားသည့် ဘာသာစကား ၁၀၀ ကျော်နှင့် တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုရှိသော တိုင်းပြည်တပြည်၏ သမ္မတ အနေဖြင့် စိန်ခေါ်မှု အများအပြား ရင်ဆိုင်ခဲ့ရသည်ဟု ဦးသိန်းစိန်က ပြောသည်။ အဆိုပါ စိန်ခေါ်မှုများမှာ အဓိက အားဖြင့် နယ်ပယ် ၃ ခုတွင် ဖြစ်သည်ဟု သူက မှတ်ချက်ပြုသည်။ စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ကူး ပြောင်းမှုကို ကြီးကြပ်ရေး၊ တိုုင်းရင်းသား ပဋိပက္ခဖြေရှင်းရေး နှင့် ဗဟိုကချုပ်ကိုင်သည့် စီးပွားရေးကို ဈေးကွက်စီးပွားရေး အဖြစ် ပြောင်းလဲရေးတို့ ဖြစ်သည်။

“ဒီဆောင်ရွက်မှုတွေကို သူတို့တွေ ဆက်နွယ်နေတာအမျှ၊ ကင်းလွတ်နေတာနဲ့ အမျှ တပြိုင်နက်ထဲ အကောင်အထည် ဖော်ခဲ့ရပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။ သူ၏ အစိုးရအဖွဲ့၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ရည်မှန်း ချက်များမှာ ကွင်းဆက်တခုသဖွယ် နီးကပ်စွာဆက်သွယ်နေအောင် ဆောင်ရွက်ခဲ့ရသည်ဟု လည်း သူကဆိုသည်။

၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် ထိုစဉ်က အတိုက်အခံဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဦးသိန်းစိန် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး များမကြာမီ အချိန်၌  နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ သမ္မတ အနေဖြင့် ဦးသိန်းစိန်က နိုင်ငံရေးတည်ငြိမ်မှု ရရှိစေရန် အားထုတ်မှုတခု အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ဆုံးဖြတ် ခဲ့သည်ဟု သူကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ နောက်ပိုင်း တွင် ဦးသိန်းစိန်က ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့သည်။ မီဒီယာများ နှင့် လူမှုကွန်ရက် မီဒီယာများ အပေါ် ထိန်းချုပ်မှုများကိုလည်း ဖြေလျှော့ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွင်းတွင် မီဒီယာ လွတ်လပ်ခွင့် အတော်လေးပိုမို ရရှိသည့် နိုင်ငံတခု ဖြစ်လာခဲ့သည်။

ယခုသီတင်းပတ်ကုန်ရက် အတွင်းပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဦးသိန်းစိန်က မိုဘိုင်းဖုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ လာနိုင်ခြင်းက ပြည်သူလူထု၏ အခြေအနေနှင့် အမြင်များကို ခေါင်းဆောင်ပိုင်းက သတိပြုစေသည့် အဓိက အကြောင်း ရင်းတခု ဖြစ်သည်ဟု ဦးသိန်းစိန်က ပြောသည်။ တချိန်က အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့် တန်ဘိုးရှိခဲ့သော မိုဘိုင်းဖုန်း ဆင်းကတ်များက ယခုအခါ အမေရိကန် ၁ဒေါ်လာခွဲ ခန့်အထိ သိသိသာသာ ကျဆင်းသွားခြင်း၊ စမတ်ဖုန်းများကို ဈေး ချိုချို နှင့်ပေါပေါများများ ရရှိလာခြင်း နှင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အရည်အသွေးမြင့် အင်တာနက်ကို အသုံးပြုလာ နိုင် ခြင်းတို့ကြောင့် အသုံးပြုမှု ကျယ်ပြန့်လာ ခဲ့သည်ဟု သူက မှတ်ချက်ပြုသည်။

သူ၏ အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ၊ စီမံကိန်းနှင့် ဖွံ့ဖြိုးရေး တို့မှ အောင်မြင်မှုများ နှင့် ပတ်သက်သော အောင်မြင်မှုများကို ဦးသိန်းစိန်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။ သူရာထူး လက်ခံခဲ့သည့် အချိန်တွင် တိုင်းပြည်၏ ဆင်း ရဲ မွဲတေမှုနှုန်းက လူဦးရေ၏ ၂၆ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟု အချို့က ခန့်မှန်းသည်။ “ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမျိုးသားအဆင့် အစီအစဉ်တွေကို ချမှတ် ပြီး ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ ရရှိအောင် အကောင်အထည်ဖော်ခဲ့ပါတယ်” ဟု ဦးသိန်းစိန် က ပြောသည်။

သူ၏ ရာထူးသက်တမ်းအတွင်းတွင် နိုင်ငံတကာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ခန့်ကို ပယ်ဖျက်ခဲ့ပြီး ဂျပန်နှင့် အခြားနိုင်ငံများမှ ချေးငွေ နှင့် အကူအညီများ ရရှိခဲ့သည်။ မြန်မာနိုင်ငံက ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ရည်ရွယ် သည့် အရေးပါသည့် အလှူရှင်များထဲတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၊ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ နှင့် ဂျပန်နိုင်ငံ တို့ထံမှ အထောက်အပံ့များ ရရှိခဲ့သည်။ နှစ်စဉ် GDP တိုးတက်မှုနှုန်းကလည်း ၇ ရာခိုင်နှုန်း ဖြစ်လာခဲ့သည်။

ဒီမိုကရေစီ မရှိဘဲ စီပွားရေးတခု တိုးတက်နိုင်သော်လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရ တခုကသာ ပြည်သူများ စီးပွားရေး အကျိုးစီးပွားခံစားနိုင်ရေးကို သေချာနိုင်မည် ဖြစ်ကြောင်းလည်း ဦးသိန်းစိန်က မှတ် ချက်ပေးခဲ့သည်။

သူ၏ အစိုးရအဖွဲ့ ရင်ဆိုင်ခဲ့ရသည့် ကိစ္စရပ်များထဲတွင် အခက်ခဲဆုံးကိစ္စမှာ တိုင်းရင်းသားလက်ကိုင် အဖွဲ့ ၂၀ ကျော်နှင့် ငြိမ်းချမ်းရေး ရရှိရေးလုပ်ငန်းစဉ် ဖြစ်သည်ဟု ဦးသိန်းစိန်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း အပါအဝင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်း သား တပ်ဖွဲ့များကြားမှ တိုက်ပွဲများ အဆုံးသတ်ရေးနှင့် ပတ်သက်သည့် သူ၏ အားထုတ်မှုများကို အလေးပေး ပြောကြားခဲ့ သော်လည်း အချို့သော ပဋိပက္ခများသည် အမြစ်တွယ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးတခု ရရှိရေးက မလွယ်ကူကြောင်း ဦးသိန်းစိန်က ဝန်ခံခဲ့သည်။ သို့သော်လည်း တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးနှင့် ပြီးပြည့်စုံသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု ရရှိရေးက မဖြစ်နိုင်သည့် အရာမဟုတ်ဟု သူကပြောသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တခုတည်း ဆိုလျှင် ဒီမိုကရေစီ စနစ်တခု မရှိဘဲ ရရှိနိုင်သော်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရတခုကသာ ရေရှည်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်လိမ့်မည်ဟုလည်း ဦးသိန်းစိန်က ထပ်ပြောသည်။

ဆုပေးပွဲ အခန်းအနားတွင် ဦးသိန်းစိန်က သမ္မတရာထူးကို စွန့်လွှတ်ခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံး အနေဖြင့် ရခိုင်ပြည် နယ်မှ လူများစုဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မွတ်ဆလင်များကြား ဆက်လက်ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ် သည်၍ မှတ်ချက်ပေးခဲ့သည်။ ဦးသိန်းစိန်၏ အစိုးရသက်တမ်း ဒုတိယ နှစ်တွင် ပေါ်ပေါက်ခဲ့သော ရခိုင်ပြည်နယ်မှ ပဋိပက္ခ ကြောင့် လူ ရာနှင့် ချီ၍ သေဆုံးခဲ့ရပြီး မွတ်ဆလင် အများစုဖြစ်သည့် လူပေါင်း ၁၄၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထို အချိန်မှ စ၍ အသိုင်းအဝိုင်း ၂ ခုကြားတွင် ပဋိပက္ခများ အခါအားလျှော်စွာ ဆက်လက်ဖြစ်ပွားနေခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နယ်ခြားစောင့် ရဲ အဖွဲ့ စခန်းများကို မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များ က ပြင်းထန်သော စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။ ဆက်လက် လုပ်ဆောင်နေသည့် စစ်ဆင်ရေးများ အတွင်းတွင် လုံခြုံရေး တပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ တပ်ဖွဲ့များ အပေါ် ဝေဖန် အပြစ်တင်မှုများလည်း ရှိနေသည်။

ပြည်သူများ အနေဖြင့် ပဋိပက္ခများနှင့် ပတ်သက်၍ ရိုးရှင်းသော အဖြေတခုကို ခက်ခဲစေနိုင်သည့် ရှုပ်ထွေးသော သမိုင်းကြောင်းနောက်ခံကို သတိထားသင့်ကြောင်း ဦးသိန်းစိန်က ပြောသည်။ “လူသားတိုင်းဟာ ငြိမ်းချမ်း လုံခြုံတဲ့ ဘဝ တခုကို ခံစားခွင့် ရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် တဘက်မှာတော့ အကြမ်းဖက်မှုဆိုတာ ဘယ်လိုပုံစံမျိုး ကို မဆို လက်ခံလို့ သည်းခံလို့ မရပါဘူး” ဟု သူက မှတ်ချက်ပြုသည်။

သူ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် လူမျိုးရေး ပြဿနာများအတွက် ငြိမ်းချမ်း သော အဖြေတခု ရှာဖွေရန် စေ့စပ်ညှိနှိုင်းပေးခြင်းကို သဘောတူသော်လည်း “ရခိုင်ပြည်နယ် ကိစ္စက မြန်မာနိုင်ငံရဲ့ ပြည်တွင်း ရေး ဖြစ်နေဆဲပါပဲ။ ပြင်ပက စွတ်ဖက်မှုတွေက ပြဿနာကို ပြေလည်စေမယ့် အစား ပိုမိုရှုပ်ထွေးတဲ့ အခြေအနေကိုပဲ ရောက်သွားစေပါလိမ့်မယ်” ဟု ဦးသိန်းစိန်ကပြောပါသည်။

(Asia Neikkei ပါ Kavi Chongkittavorn ၏ Thein Sein recalls Myanmar’s reform process ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading