မလေးရှားနိုင်ငံက ထောက်ပံ့ရေး ရေယာဉ်များကို ရခိုင်ဒေသသို့ စေလွှတ်နိုင်ရန် အတွက် အစ္စလမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက သမ္မတ ဦးထင်ကျော်ထံသို့ တိုက်ရိုက်စာရေးသား တောင်းဆိုထားကြောင်း သတင်းရရှိသည်။
“စာက အန်တီတို့ဆီကို ပို့တာ မဟုတ်ဘူး။ သမ္မတဆီကို တိုက်ရိုက်ရေးတာ။ အခုမှ သမ္မတဆီကို တရားဝင်လမ်းကြောင်းကနေ ခွင့်ပြု ချက် တောင်းလာတာ။ အခုလို တရားဝင်ဆိုရင်တော့ ခွင့်ပြုနိုင်တာပေါ့။ ခွင့်ပြုမှာပေါ့။ အခု အကူအညီက ရခိုင်ဒေသအတွက်လို့ ပြော ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။
အစပိုင်းတွင် မလေးရှား NGOs များသည် မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘဲ ရခိုင်ပြည်နယ်ရှိ မွတ်စလင် အသိုင်းအဝိုင်းကို ထောက်ပံ့ရေး ရေယာဉ်များ စေလွှတ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် ယင်းကိစ္စကို တားမြစ်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံးက မလေးရှားသံရုံး သို့ ဇန်နဝါရီ ၅ ရက်နေ့ အကြောင်းကြားခဲ့သည်။
ရခိုင်ဒေသသို့ ပေးအပ်မည့် နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်၍ မြန်မာ အစိုးရ၏ သဘောထားမှာ ယင်းဒေသရှိ ၂ ဖက် အသိုင်း အဝိုင်းကို မျှမျှတတ ဆက်ဆံ၍ အကူအညီများပေးရန်နှင့် အကူအညီများကို တိုက်ရိုက်ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ အစိုးရကတဆင့် သွားရောက်ကူညီပေးရန် ဖြစ်ကြောင်း နိုင်ငံခြား ဝန်ကြီးဌာနက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သူများကို စနစ်တကျ စိစစ်၍ ပြန်လည် လက်ခံရန် ယမန်နေ့က ကျင်းပသည့် မောင်တောဒေသ စုံစမ်းရေး ကော်မရှင်တွင် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။
မောင်တောတွင် နယ်ခြားစောင့် တပ်စခန်းများ တိုက်ခိုက်ခံရမှု နောက်ပိုင်း တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေ ရှင်းလင်း မှုကြောင့် လူ ၆၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူး သံတမန်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်များကိစ္စ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
“ပြန်ခေါ်မယ်ဆိုတာက သူတို့ဘက်က လူဦးရေ ဒီလောက်၊ ဒီလောက်ရှိနေတယ် ပြောတယ်။ အဲဒါကို ဟိုဘက်ဒီဘက် စိစစ်ရမယ်။ စိစစ် လို့ အန်တီတို့ဘက်က သွားတာမှန်တယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ ပြန်ခေါ်ပါမယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောသည်။
ရခိုင်ဒေသရှိ မွတ်စလင် ရွာများကို လိုက်လံစစ်ဆေးရာတွင် ပျောက်ဆုံးနေသည့် လူဦးရေမှာ အလွန်ဆုံး ၂ သောင်းခန့်သာ ရှိပြီး အလွန်ဆုံးအားဖြင့် ၃ သောင်း မကျော်နိုင်ဘဲ ၎င်းတို့အားလုံးသည် တဖက်နိုင်ငံသို့ သွားရောက်ခြင်းမျိုး မဟုတ်ဘဲ တချို့သည် ပင်လယ်ထဲတွင် ငါးဖမ်းနေခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ယင်းဒေသသို့ သွားရောက်ခဲ့သည့် တာဝန်ရှိသူများက မနေ့က ကျင်းပသည့် မောင်တောဒေသ စုံစမ်းရေး ကော်မရှင် အစည်းအဝေးသို့ တင်ပြချက်ခဲ့သည်ဟု သိရသည်။
“ဘင်္ဂလားဒေ့ရှ်ဘက်က ၄၊ ၅၊ ၆ သောင်းလို့ ပြောနေတာတွေက ကျမတို့ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ လက်မခံတာတော့ မဟုတ်ဘူး။ တရားဝင် စနစ်တကျ စိစစ်ရဦးမှာ။ သွားပြီးတော့ စစ်မယ်။ အခုရှိနေတဲ့ရွာတွေ အားလုံးကို စစ်လိုက်တာမှ ပျောက်နေတဲ့သူတွေက ဘယ် ရောက်နေမှန်း မသိတဲ့သူတွေက အလွန်ဆုံး ၂ သောင်း ကျော်ကျော်ပဲ ရှိတယ်တဲ့။ အလွန်ဆုံးမှ ၃ သောင်းပဲ”ဟု ဒေါ်အေးအေးစိုးက ပြောသည်။
ထို့ကြောင့် မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသူများသည် မြန်မာနိုင်ငံဘက်မှ ဟုတ်၊ မဟုတ်ကို တဖက် နိုင်ငံသို့ သွားရောက်စိစစ်မည်ဟု သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်း အမျိုးမျိုး ထွက်ပေါ်နေခြင်း၊ အတည်မပြုနိုင်သေးသည့် သတင်းတချို့အရ မွတ်စလင် ၃ သိန်း အထိ မြန်မာအစိုးရက လက်ခံမည်ဟု ကြားသိနေရခြင်းတို့ကြောင် အမျိုးသားရေးအတွက် စိတ်ပူမိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီ ခေါင်းဆောင်များက နေပြည်တော်တွင် သတင်းထောက်များကို ယမန်နေ့က ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့သည်။
ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဝင်းအောင်ကျော်က “လူထုအနေနဲ့ စောင့်ကြည့်ပေးနေပါလို့ ပြောချင်တယ်။ ကျနော်တို့ ပြည်ခိုင်ဖြိုးက တာဝန်ရှိသူတွေထံကို သိအောင် ပြောပေးပါ။ ကျနော် တို့က ဒီဆန္ဒတွေကို တရားဝင် ပါတီတရပ်အနေနဲ့ပဲ ဖြစ်ဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်ကနေပဲ ဖြစ်ဖြစ် တောင်းဆိုသွားမယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။