လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခိုင်မျိုးထွန်းသည် ကျန်မာရေးအခြေအနေ ဆိုးရွားနေသော်လည်း သူ၏ အာမခံ လျှောက်ထားခြင်းကို ပြီးခဲ့သည့် သောကြာနေ့ (ဇန်နဝါရီ ၁၃) တွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ် တရားရုံးက ဒုတိယအကြိမ် ပယ်ချလိုက်ကြောင်း ၎င်း၏ ရှေ့နေများထံမှ သိရသည်။
၎င်းကို ယမန်နှစ် ဇူလိုင်လက စတင်ဖမ်းဆီးထားခြင်း ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထပ်မံ ရုံးထုတ် ကြားနာစစ်ဆေးမည် ဖြစ်သည်။
သူသည် ယခင်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အာမခံလျှောက်ထားခဲ့ကြောင်း ခိုင်မျိုးထွန်း၏ ရှေ့နေများအနက် တဦးဖြစ်သူ ဦးဦးကျော်သိန်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ၎င်းသည် အာရုံကြော အားနည်းနေသောကြောင့် ဆေးသောက်နေရပြီး ထောင်ထဲ လဲကျခဲ့သည်မှာ ၃ ကြိမ်ရှိပြီ ဟု သူက ပြောသည်။
ထိုအာမခံပယ်ချခြင်းကို စစ်တွေခရိုင် တရားရုံးတွင် ဆက်လက် အယူခံမည်ဟု ဦးဦးကျော်သိန်းက ပြောသည်။ ဥပဒေအရ တရားစွဲဆို ခံရသူ တဦး ကျန်းမာရေး မကောင်းလျှင်သော် လည်းကောင်း၊ ထွက်မပြေးအောင် အာမခံလျှင်သော် လည်းကောင်း အာမခံ ပေးသင့်သည် ဟု သူဆက်ပြောသည်။
ခိုင်မျိုးထွန်း အလုပ်လုပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ မြေကမ္ဘာ အခွင့်အရေး အဖွဲ့ (Earth Rights International – ERI) ကလည်း ဇန်နဝါရီ ၁၆ ရက် (တနင်္လာနေ့) က ထုတ်ပြန်သော ကြေညာချက်တွင် တရားရုံး၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး စွဲချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
“ဒီဆုံးဖြတ်ချက်ကြောင့် ခိုင်မျိုးထွန်းရဲ့ ကျန်မာရေး အခြေအနေ ပိုမိုဆိုးရွာလာမှာ ဖြစ်တဲ့ အတွက် ကျနော်တို့ အကြီးအကျယ် စိတ်ပျက်မိပါတယ်” ဟု ERI ၏ အမှုဆောင်ဒါရိုက်တာ ကဆော၀ (Ka Hsaw Wa) က ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ခိုင်မျိုးထွန်း ကျန်းမာရေး မကောင်းကြောင်း သူ၏ ဆရာဝန်ထံမှ အထောက်အထားအဖြစ် ရေးသားပေးပို့သော စာကိုလည်း တရားသူကြီးထံသို့ တင်သွင်းခဲ့သည် ဟု သူ၏ရှေ့နေက ပြောသည်။
ရခိုင်လွတ်မြောက်ရေး ပါတီ (Arakan Liberation Party – ALP) ၏ ဒုတိယ ပြောခွင့်ရသူ ခိုင်မျိုးထွန်းကို ဇူလိုင်လ ၂၅ ရက်နေ့က စစ်တွေတွင် ဖမ်းဆီးပြီး မြန်မာပြစ်မှုဆိုင်ရာ ဥပဒေ ၅၀၅ (ခ) နှင့် ၅၀၅ (ဂ) တို့အရ ဆူပူအောင် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အရပ်သားများကို ပစ်မှတ်ထားကာ အတင်းအကျပ် အထမ်းသမား အဖြစ်ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းတို့ကြောင့် မြန်မာ့တပ်မတော်သည် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က လွန်ခဲ့သော ဧပြီလက စွပ်စွဲခဲ့သောကြောင့် အငြင်းပွားမှုဖြစ်ပေါ်လာခဲ့သည်။
ခိုင်မျိုးထွန်းအပေါ် စွဲချက်များကို မြန်မာစစ်တပ်၏ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး တင်နိုင်ထွန်း က မေလ ၅ ရက်က တရားရုံးသို့ တင်သွင်းခဲ့သည်။
ALP ၏ စစ်ရေးအဖွဲ့ဖြစ်သော ရခိုင်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Army) သည် လွန်ခဲ့သော အောက်တိုဘာလက ယခင်အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွင် ပါဝင်သည်။
လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သူ ခိုင်မျိုးထွန်း အပေါ် စွပ်စွဲချက်များသည် နိုင်ငံရေး ပေယောဂ မကင်းသည့် စွပ်စွဲချက်များဖြစ်သည် ဟု ERI က ပြောသည်
“ဒါဟာ လူ့အခွင့်အရေး ဆော်သြသူတယောက်ကို နှုတ်ပိတ်ဖို့နဲ့ အခြားသော လှုပ်ရှားသူတွေက ဆက်လက်ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မဖော်ထုတ်အောင် တားဆီးတဲ့ နောက်ထပ် ကြိုးပမ်းမှုပါ။ အခုအစိုးရကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထိန်းချုပ်ထားလို့ စစ်အုပ်ချုပ်ရေးအောက်တုန်းက သုံးတဲ့နည်းလမ်းတွေ ပြန်သုံးတာကို ခွင့်မပြုနိုင် ပါဘူး” ဟု Ka Hsaw Wa က ပြောသည်။
ERI သည် မြန်မာစစ်တပ်အပေါ် ALP ၏ စွပ်စွဲချက်များအတွက် အထောက်အထားကိုလည်း သုံးသပ်လေ့လာခဲ့ပြီး ယုံကြည် လက်ခံနိုင်ဖွယ် ရှိသည်ဟု သတ်မှတ်ခဲ့သည်။