ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ထောင်ဝန်ထမ်းများကို ရန်ရှာခဲ့သည့် အကျဉ်းသား ၄ ဦးအား ပုသိမ်မြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင် တိုက်အမှတ် ၄ တွင် နှစ်ရှည် ထောင်ဒဏ်ကျခံ နေရသည့် အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်၊ ကောင်းမြတ်သူ (ခ) ကိုဇေ၊ ဇင်ဖြိုးအောင်နှင့် ဇော်ဇော် (ခ) ဖိုးဇော်တို့ ၄ ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပုသိမ်ထောင်ရှိ ဝန်ထမ်းများကို ဆဲဆိုရမ်းကား၍
ထောင်အခန်းတံခါးကို ရိုက်ချိုးကာ အချုပ်ခန်း အပြင်သို့ထွက်ပြီး ထောင်ဝန်ထမ်းများထံမှ သော့လုယူ ခဲ့သည့်အတွက် အကျဉ်းဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ၁ ဦးခိုင်ထွဏ်းက တရားလို ပြုလုပ်ကာ ပုသိမ်နယ်မြေ ရဲစခန်းတွင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို ပုသိမ်မြို့နယ်တရားရုံးက ၁ လကျော်ကြာ လက်ခံ ကြားနာပြီးနောက် ပုဒ်မ ၃၅၃ (ဝတ္တရားနှောင့်ယှက်မှု) ဖြင့် ယနေ့တွင် အကျဉ်းသား အကျဉ်းသား သန်းဦး (ခ) မောင်ဦး (ခ) သဲမောင်အား ထောင်ဒဏ် ၁ နှစ် ၆ လ၊ ကောင်းမြတ်သူ (ခ) ကိုဇေ၊ ဇော်ဇော် (ခ) ဖိုးဇော်နှင့် ဇင်ဖြိုးအောင်တို့ ၃ ဦးအား ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က ပုဒ်မ ၄ ခုနဲ့ တရားစွဲတာ ၃ ခု ပြုတ်သွားတယ်။ သူတို့ကို တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ထောင်ထဲကနေပဲ လုံခြုံရေး အစီအမံနဲ့ တရား ရင်ဆိုင်စေခဲ့တာပါ။ ဒီနေ့မှာ တရားရုံးကနေပြီး ပုဒ်မ ၃၅၃ ဝတ္တရား နှောင့်ယှက်မှုနဲ့ မောင်ဦးကို ထောင် ၁ နှစ်ခွဲ၊ ကျန် ၃ ယောက်ကို ထောင် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းစိုးက ဧရာဝတီကို ပြောသည်။
ပုသိမ်ထောင်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားအောင် ဦးဆောင်ပြုလုပ်ခဲ့သည့် အကျဉ်းသား မောင်ဦးမှာ လူသတ်မှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျခံနေသူ ဖြစ်ပြီး ကျန် ၃ ဦးမှာ ထောင်ဒဏ် ၁၀ နှစ်နှင့်အထက် ကျခံနေရသူများဖြစ်ကြောင်း၊ ရန်ကုန်မြို့ အင်းစိန်ထောင်၊ မွန်ပြည်နယ် မော်လမြိုင် ထောင်တို့မှ ပြောင်းရွှေ့လာသည့် အကျဉ်းသားများ ဖြစ်ကြောင်း ဧရာဝတီတိုင်း အကျဉ်း ဦးစီးဌာနထံမှ သိရသည်။