ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ် ကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ယနေ့ မနက်ပိုင်းက အမည်မသိ လူ ၃ ဦးက ဖမ်းဆီးသွားပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဦးအောင်ဇင်ထွန်းမှာ နမ့်မဖြစ် ကျေးရွာရှိ နေအိမ်မှ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ခံတဦးက ပြောသည်။
အဆိုပါ ရဲစခန်း တာဝန်ခံက “အလောင်းကို နမ့်မဖြစ်ရွာကနေ မလန်းကို သွားတဲ့ ဂျာယာရန် လမ်းဘေးက စွန့်ပစ် မြေစာပုံနားမှာ တွေ့တယ်။ သတ်သွားတဲ့ အမည်မသိသူတွေကို လူသတ်မှု ပုဒ်မ ၃၀၄ အပြင် ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄နဲ့ အမှုဖွင့်ထားပါပြီ” ဟု ပြောသည်။
လက်ရှိတွင် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်ပြီး၊ ကျောင်းဆရာမှာ မည်သည့်ခုနှစ် မှစ၍ ဖားကန့်မြို့နယ်တွင် တာဝန်ကျခဲ့ကြောင်းကို မသိသေးဟု ဖားကန့်မြို့နယ်၊ မြို့မ ရဲစခန်းက ပြောသည် ။
ဖားကန့်မြို့ ဒေသခံ ဦးဘရန်ရှောင်က ” ဒီကျောင်းဆရာက ပြီးခဲ့တဲ့ရက်က ကချင်ပြည်နယ်နေ့ သွားတဲ့ ကျောင်းသားတွေကို ရိုက်တော့ မိဘတွေက တိုင်လို့ သူက ပြန်တောင်းပန်ထားတယ်။ အဲ့ဒါကြောင့် ဒီကျောင်းဆရာကို ကျနော် သိနေတာ။ ဒီမနက်တော့ သေပြီကြားလို့ အံ့ဩနေတာ” ဟု ပြောသည် ။
မြို့မရဲစခန်းမှ တာဝန်ခံကလည်း အခင်းမဖြစ်ပွားမီ ဇန်နဝါရီလ ၁၀ ရက်က ဦးအောင်ဇင်ထွန်းသည် ခွင့်မဲ့ ပျက်ကွက်သည့် ကျောင်းသား ၁၁ ဦးကို ကျောင်းပြန်တက်သည့် နောက်တရက်တွင် ပျဉ်ပြားဖြင့် ၂ ချက်စီ ရိုက်ခဲ့ကြောင်း ပြောသည်။
“အဲဒီကျောင်းသားတွေ ကချင်ပြည်နယ်နေ့ သွားတယ်ဆိုတာ မသိပါဘူး ။ အဲဒီတော့ ကချင်ရိုးရာ ကော်မတီလား၊ အဲဒီကခေါ်လို့ ကျောင်းဆရာက ပြန်တောင်းပန်ထားတယ်။ အဲဒီကိစ္စက ကျေအေးသွားပြီလို့ ကျနော်တို့ သိထားတယ်” ဟုလည်း အဆိုပါ တာဝန်ခံကဆိုသည်။
ယခုအခါ မြို့မရဲစခန်းမှ တရားခံများကို လိုက်လံ စုံစမ်းနေပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း အကူအညီ ပေးနေသည်ဟု သိရသည်။
ဖားကန့်မြို့နယ်တွင် ဒေသခံများအပြင် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကြောင့် တခြားနယ်များမှ လာရောက် အလုပ် လုပ်ကိုင်ကြသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သား တသိန်းကျော်ရှိပြီး မူးယစ်ဆေးဝါးများ အလွယ်တကူရနိုင်သည့် ဒေသလည်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း ဖားကန့်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတဦးကို အမည်မသိ သေနတ်သမားတဦးက အိမ်ခြံဝင်းအတွင်း ဝင်ရောက် ပစ်သတ်သွားသည့်အမှု ဖြစ်ပွားခဲ့သေးသည်။