ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ သာရဝေါနယ်မြေ၊ ယွန်းသွယ် ကျေးရွာအုပ်စု၊ စာဖြူစု ကျေးရွာတွင် နေထိုင်သည့် ၃ နှစ်ခွဲ အရွယ် ကလေးကို စိတ်မနှံ့သူ အမျိုးသမီးက ဓားဖြင့် အပိုင်းပိုင်း ခုတ်၍ သတ်ဖြတ်မှု ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက် ၄၄ နှစ်အရွယ် ဒေါ်နန်းစိုးမိုးသည် စိတ်ကျန်းမာရေး အနည်းငယ် မကောင်းသူဖြစ်ကြောင်း၊ ၎င်းနှင့် ခြံဝင်းတဝင်း ထဲတွင် နေထိုင်သူ မအေးသန္တာက ဒေါ်နန်းစိုးမိုး အကြွေး ယူထားသည့် ငွေ ၁၀၀၀ ကို တောင်းရာ စကားများခဲ့ကြောင်း၊ ယင်းသို့ စကားများပြီးနောက် မအေးသန္တာ၏ သားဖြစ်သူ အသက် ၃ နှစ်ခွဲ အရွယ် မောင်မျိုးမြင့်အောင်ကို ဒေါ်နန်းစိုးမိုးက သတ်ဖြတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် သာရဝေါ နယ်မြေ ရဲစခန်းမှ သိရသည်။
“ခြံဝန်း တခြံထဲနေတဲ့ မိန်းမပေါ့။ သူကအမြဲတမ်းတော့မဟုတ်ဘူး၊ တခါတလေကျတော့ စိတ်ဖောက်ပြန်တတ်တာပေါ့။ သူ့အမေ ဈေးရောင်းတာ အကြွေးကိစ္စကြောင့် တယောက်နဲ့တယောက် စကားများပြီးတော့ ဖြစ်သွားတဲ့ကိစ္စပါ။ အကြွေးက ငွေကျပ် ၁၀၀၀ ကျော်လို့ စုံစမ်းသိရှိရပါတယ်။ ဒီအမျိုးသမီးက စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လက်မှတ်တွေ ဘာတွေ တော့ မရှိပါဘူး။ အခုလောလောဆယ်တော့ ကျန်းမာရေးကောင်းနေပါတယ်” ဟု သာရဝေါနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် နိုင်မင်းသန်းက ပြောသည်။
မအေးသန္တာက ၎င်း၏ သားကို လိုက်လံရှာဖွေရာ ဒေါ်နန်းစိုးမိုး၏ နေအိမ်အပေါ်ထပ်တွင် ခေါင်းတခြား ကိုယ်တခြားဖြင့် သေဆုံးနေပြီး လက်များကိုလည်း အပိုင်းပိုင်း ခုတ်ဖြတ်ထားကာ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် သားကို တွေ့ရသဖြင့် ဒေါ်နန်းစိုးမိုးကို သာရဝေါနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။