သတင်း

ဒေါ်နယ်ထရန့် ကျမ်းကျိန်ပွဲ ဒီမိုကရက်အမတ်များ သပိတ်မှောက်မည်

တုန်လှုပ်စရာ သွေးကွဲစရာဟု ဒီမိုကရက်တို့ယူဆသည့် ဒေါ်နယ်ထရန့်၏ မူဝါဒများ၊ သူ၏ရွေးကောက်ခံရခြင်းတွင် ရုရှတို့ စွက်ဖက်မှု၊ ကွန်ကရက်အမတ် နိုင်ငံသား အခွင့်အရေးခေါင်းဆောင် ဂျွန်လူးဝစ်ကို ဝေဖန်တိုက်ခိုက်ခြင်းတို့တို့ကို ဆန့်ကျင်ရန် ဒီမိုကရက်အမတ် ၅၉ ယောက်သည် မနက်ဖြန်တွင် ကျင်းပမည့် ဒေါ်နယ်ထရန့်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို သပိတ်မှောက်ကြမည်ဖြစ်သည်။

ထရန့်က လူးဝစ်သည် လေသာများနေပြီး ရာဇဝတ်မှု ထူပြောသော အတွင်းပိုင်းမြို့ကြီးများကို အာရုံစိုက်သင့်သည်ဟု စနေနေ့က သူ၏တွစ်တာတွင် ရေးသားခဲ့ပြီးနောက် ထိုသို့သပိတ်မှောက်မည့် အမတ်အရေအတွက် အလျှင်အမြန်မြင့်မားလာခြင်းဖြစ်သည်။

၁၉၆၀ ခုနှစ်များက လူမည်းများ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများတွင် ခေါင်းဆောင်သောကြောင့် ထင်ရှားသူ လူးဝစ်သည် ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ ပါဝင်စွက်ဖက်ခဲ့ခြင်းကြောင့် ထရန့်၏ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲအနိုင်ရခြင်းသည် တရားမဝင်ဟု ပြောခဲ့သည်။

သပိတ်မှောက်ရာတွင် ပါဝင်လာသူ တင်နက်စီးပြည်နယ်မှ အမတ် စတိဗ်ကိုဟင်က လွန်ခဲ့သော ၈ နှစ် သမ္မတအိုဘားမား ရာထူးလက်ခံချိန်က စတင်ခဲ့သော  မျှော်လင့်ချက်နှင့် အပြောင်းအလဲများ နေရာတွင် ကြောက်ရွံ့စိုးထိတ်မှုများ အစားထိုးဝင်ရောက်လာနေသည်ဟု ထရန့်၏ ပြောစကားများကို ရည်ညွှန်းပြောဆိုသည်။

ထရန့်နှင့်အခြားသော ရီပတ်ဗလစ်ကန်များကမူ ထိုသပိတ်မှောက်ခြင်းကို ပယ်ချပြီး ဒီမိုကရက်တို့သည် ရွေးကောက်ပွဲရလဒ်ကို မလက်ခံလိုသော ရှုံးနိမ့်သူများဟု တုန့်ပြန် ပြောဆိုကြသည်။

ဗာဂျီးနီးယားအမတ် ဒွန်ဘေးယာက ရွေးကောက်ပွဲတွင် ရုရှားက အမေရိကန် ဒီမိုကရက်ပါတီ၏ ဝက်ဘ်ဆိုက်ဆာဗာကို ဝင်ရောက်ဖောက်ထွင်းခဲ့သည်ဟူသော အမေရိကန်ထောက်လှမ်းရေး စီအိုင်အေ၏ သုံးသပ်ချက်ကို ရည်ညွန်းပြီး ရုရှားခေါင်းဆောင်များ၏ အကောက်ကြံ စွက်ဖက်ခြင်းကြောင့် ရွေးကောက်ပွဲ အနိုင်ရသူတဦးကို တရားဝင်အောင် မလုပ်ပေးနိုင်ဟု ပြောကြားသည်။

နယူးယောက်အမတ် ဂျာရိုးနဒ်လာကလည်း ထရန့်သည် အမေရိကန်အကျိုးစီးပွားကို ဂရုမစိုက်ဘဲ လူ့အဖွဲ့အစည်းက လက်မခံသော အပြုအမူများကို မောက်မာဝင့်ကြွားနေစဉ် အူကြောင်ကြောင်ထိုင် မနေနိုင်ဟု ပြောသည်။ ” အမျိုးသမီးတွေ၊ လူမျိုးစုတွေကို စော်ကားတဲ့ သမိုင်းရှိတဲ့ လူတယောက်ကို သြဘာမပေးနိုင်ဘူး”ဟု ပြောသည်။

Loading